Tuesday 9 June 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။ ( ၃ )

"မြေနီလမ်းကလေးကို လိုက်ပြီး
ကားကလေးစီးရင် ဖုန်ထလာ
 ဒါဟာလဲ ချင်းပြည်ရဲ့ အလှတစ်ခုပါ။"

ဒီသီချင်းထဲကစာသားအတိုင်းဆိုရင်တော့ ဖုန်ထတာက ကဗျာဆန်သလိုလို၊ ကားသွားတာကလဲ slow motion နဲ့ပဲသွားသလိုလို။ :)
တကယ်တော့လက်တွေ့မှာ တောင်ပေါ်မှာ ကားစီးရတာ မလွယ်လှဘူး။ အမိုးပွင့် hilux ကားတွေမို့ မျက်စိထဲ ဖုန်မဝင်အောင် မျက်မှန်တပ်ထားရတယ်။ ဆံပင်မပေအောင် ဦးထုပ်ဆောင်းရတယ်။ ပါးစပ်စည်းတပ်ထားရတယ်။ အထုပ်တွေ ကို စာလာအိတ်နဲ့ ထုပ်ရသေးတယ်။

ကန်ပက်လက်မြို့။
နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာ ကိုသိချင်ရင် Passport ကို အသုံးပြုတဲ့အခါ  တန်းသိနိုင်ပါတယ်။
မြန်မာနိုင်ငံက ကမ္ဘာ့ passport power ranking မှာ နောက်ဆုံးပိတ်အဆင့် ၈၀ မှာရှိနေပါတယ်။
US, UK တို့က အဆင့် ၁။ နယ်သာလန်၊ စင်ကာပူ၊ ဂျပန် တို့က အဆင့် ၄ မှာရှိကြပါတယ်။
 မြန်မာပြည်က ကမ္ဘာ့အလယ်မှာ အဖက်ဖက်မှာ အောက်ကျ နောက်ကျ ကျန်ခဲ့တဲ့ တိုင်းပြည်ပါ။
ဒီတိုင်းပြည်မှာ ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်လို့ပြောရင် မမှားပါဘူး။
တက္ကသိုလ်၊ လေဆိပ်၊ ဘူတာ စတဲ့အရာတွေမရှိတဲ့ တစ်ခုတည်းသောပြည်နယ်ပါ။
 အဲ...ဒီပြည်နယ်ထဲမှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အထဲက ကန်ပက်လက်က အဖက်ဖက်မှာ အောက်ကျနောက်ကျတဲ့(အဆင်းရဲဆုံး) မြို့ပါ။ ဒါကြောင့် ကန်ပက်လက်မြို့က အမွှန်းတင်စရာ မရှိလှပါဘူး။ :) ကမ္ဘာ့အဆင်းရဲဆုံးမြို့လို့ ခေါ်ရမလား။
ပထမရလို့ ဝမ်းသာရမလိုလို။ :)


ကျွန်တော် ကန်ပက်လက်ကို ပြန်သွားရတဲ့အကြောင်းက မိသားစုနဲ့တွေ့ဖို့ပါ။
ဒီဇင်ဘာလမှာ ပြန်ရင်ကောင်းပေမယ့် နှင်းထူလို့ လေယာဉ်မထွက်တာမျိုးရှိဖူးတော့ မတ်လမှာ ပြန်ရခြင်းဖြစ်တယ်။
ကန်ပက်လက်နှစ်ခြင်းသာသနာနှစ် ၅၀ ပြည့်ယုဘိလပွဲနှင့် ဘုရားကျောင်းဖွင့်ပွဲတခါတည်း ကြုံသွားတာပေါ့။


 ကန်ပက်လက်မြို့က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၀၀၀ ကျော် မှာရှိတဲ့အတွက် ချင်းတောင်မှာတော့ သိပ်မအေးတဲ့မြို့ပါ။ ဟားခါးမြို့က ၆၀၀၀ ကျော်၊ တီးတိန်မြို့က ၅၀၀၀ အထက် ရှိကြပါတယ်။
အင်္ဂလိပ်ခေတ်က တောင်စခန်းမြို့ငယ်လေးအဖြစ် အပန်းဖြေဖို့ တည်တဲ့မြို့ပါ။
ချင်းတောင်မှာနိုင်ငံခြားဧည့်သည် အများဆုံးမြို့ပါ။ အကြောင်းကတော့ ဝိတိုရိယတောင်ကို တက်ချင်ကြတာရယ်၊ နတ်မတောင်အမျိုးသားဥယျာဉ်ကို လေ့လာချင်ကြလို့ ဖြစ်ပါတယ်။

ဝိတိုရိယတောင်(သို့) ခေါနုသုမ်
ဝိတိုရိယတောင်က အမြင့်ပေ ၁၀၂၀၀ မြင့်ပါတယ်။ Asean နိုင်ငံတွေမှာ ပေ တစ်သောင်းထက်မြင့်ရင် သစ်ပင်တွေသိပ်မပေါက်နိုင်ဘူး လို့ကြားဖူးတယ်။ ဒါပေမယ့်ဝိတိုရိယတောင်က သစ်ပင်ပေါင်းစုံနှင့်ပြည့်နေတယ်။
တောင်ထိပ်ကို ဆိုင်ကယ်နဲ့တက်ကြသေးတယ်။ တစ်နာရီကျော်ကြာပါတယ်။ တောင်ပေါ်မှာ စေတီရှိတယ်။
အမြင့်ဆုံးနေရာတောင်ကုန်းတစ်ခုမှာတော့ လက်ဝါးကားတိုင် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ခုတ်လှဲခဲ့ပါတယ်။ အာဏာပိုင်တွေက စေတီကိုတော့ မခုတ်လှဲခဲ့တာကိုပဲ ကျေးဇူးတင်ရမလိုလို။ :)
မောင်မောင်နဲ့ကျနော်တောင်ထိပ်တက်ချင်တော့ ဥက္ကဋ္ဌကိုလိန်းအွမ်က လူစုပြီးတက်ကြတာ။
တောင်ပေါ်မှာ ဘာလုပ်တယ်မှတ်လဲ။ နေကြာစေ့နဲ့ အချဉ်ထုပ်စားပြီးပြန်လာကြတယ်။ :)


တောင်ထိပ်ကို တက်ကူတာက အသင်းတော် လူငယ်ဥက္ကဋ္ဌကိုလိန်းအွမ်နဲ့အဖွဲ့ပါ။
သူ့ကိုကွယ်ရာမှာ ရာသက်ပန်လူငယ်ဥက္ကဋ္ဌလို့ နာမည်ပြောင် ပေးကြတယ်။
ကျနော်ကန်ပက်လက်စတင်ရောက်ရှိတဲ့ ၂၀၀၀ ခုနှစ် မှာကတည်းက လူငယ်ဥက္ကဋ္ဌဖြစ်နေပြီ။
ခု ၂၀၁၅ ပြန်ရောက်သွားတော့ ဆရာကြီးက ကလေးနှစ်ယောက်ရနေပြီ။ လူငယ်ဥက္ကဋ္ဌ လုပ်ကောင်းတုန်း။ :)
ကြားထဲမှာ အပြောင်းအလဲ အနည်းအကျဉ်းတော့ရှိတယ်။
ခင်လို့ကောင်းတယ်။သူနဲ့နေရင် အမြဲရီနေရတယ်။


 တဆက်တည်းမိတ်ဆက်ပေးချင်တာက မောင်မောင်။ကျောင်းနေဖက်သူငယ်ချင်း။
သူက ၈တန်းကျောင်းသားလောက်ကတည်းက ချင်းပြည်နယ်လက်ရွေးစင် ဘောလုံးသမား။
နှစ်တို်င်း ဘောလုံးကန်နေတာနဲ့ပဲ အချိန်ကုန်နေသူ။ ဆရာဆရာမတွေက သူ့ကို မဆူရဲကြဘူး။
ကျောင်းနဲ့အနီးဆုံးမှာနေပြီး အမြဲကျောင်းနောက်ကျသူပေါ့။ နောက်ကျတာကိုက သူ့ရဲ့ရိုးရာယဉ်ကျေးမှုလိုဖြစ်နေပြီ။ ချင်းပြည်နယ်လက်ရွေးစင်ဘောလုံးအင်္ကျီ ကျောနံပါတ် ၁၀ ဝတ်ပြီးကျောင်းလာရင်ဖြင့် တစ်ချို့ကျောင်းသူတွေများမှာတော့ စာကို အာရုံမစိုက်ကြတော့ဘူး။ :)
နောက်ပိုင်းတော့ ဟားခါးမြို့ကို ပြောင်းသွားကြပြီ။
သူ့အဖိုး RevဦးCeih kio က ကန်ပက်လက်မြို့နယ်မှာ ပထမဆုံးနှစ်ခြင်းသာသနာပြုသူမို့ ဒီကန်ပက်လက် နှစ်ခြင်း ရွှေရတုယုဘိလသဘင်မှာ သူတို့အဖိုးကိုယ်စား သူတို့မိသားစုကို အထူးတလည်ဂုဏ်ပြုကြတယ်။

ကျေးလက်ဘဝ
ကန်ပက်လက်မြို့နဲ့ အနီးစပ်ဆုံးဆော်လောင်းကျေးရွာကိုလည်း သွားခဲ့တယ်။
NGO အဖွဲ့အစည်းတွေ အမြဲသွားကြတဲ့ကျေးရွာပါ။ တလောက ကမ္ဘာ့ဘဏ်အဖွဲ့ကဆိုလား ကျေးရွာမီးလင်းဖို့ solar ပြားတွေ လာလှူသွားကြသေးတယ်။
ကျနော် NGO အဖွဲ့အစည်း အားလုံးကို လေးစားတယ်။ ဒါပေမယ့် ကမ္ဘာနေရာအသီးသီးကလှူထားတဲ့ ဒေါ်လာသိန်းပေါင်းများစွာနဲ့ NGO တွေဝင်လာရင် သူတို့လုပ်တဲ့ project ထက် တကယ်အကျိုးရှိသွားတာကတော့ သူတို့ ဝန်ထမ်းတွေ ကိုယ်တိုင်ပါ။
ဆက်မရေးတော့ဘူးနော်။ လူမုန်းများမယ်။ :)

ဆော်လောင်းကျေးရွာက အိမ်တအိမ်။

ဆောင်လောင်းကျေးရွာမှာ ချင်းပြည်နယ်မြောက်ပိုင်းဖက်ကနေလာပြီး သာသနာပြုတဲ့ မိသားစုလေးရှိကြတယ်။
သူတို့နေထိုင်တာ ၁၀ နှစ်တောင်ကျော်ပြီ။ ဒီသာသနာက ကလေးမြို့မှာ အခြေစိုက်တဲ့ ဆရာ Do Khup ဦးဆောင်တဲ့ Tear Gospel သာသနာအဖွဲ့က စေလွတ်တာဖြစ်ပါတယ်။ 
သာသနာပြုဆရာ khual ရဲ့ ကလေး ၃ ယောက်၊

အဲရှားရှားပါးပါး ကန်ပက်လက်မှာ ဖုန်းဆိုင်တစ်ဆိုင်လေးရှိတယ်။
ဖေဖော်ဝါရီလကမှ ဖွင့်ထားတဲ့ ဆိုင်တဲ့။
ကန်ပက်လက်မှာ GSM ဖုန်းတွေ အလုပ်မလုပ်သေးပါဘူး။ CDMA ဆိုလား။ အဲတာတွေပဲ အလုပ်လုပ်တယ်။ ခြင်းဖုန်း၊ ပြီးတော့ အင်တင်နာ ဆွဲထုတ်ပြီး ပြောရတဲ့ဖုန်းတွေ။ :)

 ဘုရားကျောင်းဖွင့်ပွဲဆိုတဲ့အတိုင်း KBC အသင်းတော်က အနှစ်နှစ်အလလကတည်းက စုဆောင်းထားတာရယ်၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ နှစ်ခြင်းအသင်းတော်တွေဆီကနေ လှူဒါန်းထားတဲ့အလှူငွေတွေနဲ့ ဆောက်ထားတာဖြစ်ပါတယ်။
သိန်းပေါင်း ၆၀၀ ကျော်ကုန်ကျပါတယ်။ ဒီဇိုင်းကတော့ အသင်းတော်အတွင်းရေးမှူးဦးဒါရ်ဟူးကိုယ်တိုင်ကပဲ ရေးဆွဲထားတာဖြစ်ပါတယ်။

နှစ်ခြင်းသာသနာ ရွှေရတုဓမ္မသဘင်ပွဲမှာတော့ တမြို့နယ်လုံးကနေ လာကြသလို၊ ချင်းပြည်နယ်နေရာအနှံ့ကနေ ကိုယ်စားလှယ်ကြီးတွေလည်း လာကြတယ်။


အောက်ကပုံကတော့KBCအသင်းတော်ဥက္ကဋ္ဌဦးမနားထုံက
 ဆော်လောင်းကျေးရွာကနေ ရောက်ရှိလာတဲ့အမေအိုတစ်ယောက်ကို
 နှုတ်ဆက်ကြိုဆိုနေတာ ဖြစ်ပါတယ်။

ပွဲတော်အတွင်းမှာတော့ တပင်တိုင်သီချင်း၊ သံစုံသီချင်း၊ ပြီးတော့ အမူအရာ ပြိုင်ပွဲတွေလည်း ပြုလုပ်ကြပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ အဓိကအားဖြင့် လူမျိုးနွယ်စု ၄ မျိုးရှိပါတယ်။
သူတို့ရဲ့ရိုးရာအဝတ်အထည်များကို လှပစွာ တွေ့မြင်ရပါတယ်။



အောက်ကပုံထဲမှာ ကရင်ရိုးရာ အဝတ်အထည်လိုမျိုးဂါဝန်အနက်ရောင်က အုပ်ပူး (သို့မဟုတ်) ချင်းပုံ လို့ခေါ်တဲ့ လူမျိုးနွယ်စုတွေရဲ့ ရိုးရာအထည်ပါ။

 ကန်ပက်လက်မှာရေသွယ်တာကလည်း ရီရမလို၊ ငိုရမလိုပဲ။
မြို့တစ်မြို့ဖြစ်နေပေမယ့် ရေရှည်အတွက် ရေကိုလုံလောက်စွာ သုံးစွဲနိုင်အောင် နည်းလမ်းကောင်းတွေ မရှိဟန်တူပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေခွန်လည်း လာကောက်တယ်ကြားတော့ သူ့နေရာနဲ့သူ့ဇာတ်ပါပဲလို့ပြုံးမိတယ်။
 တကယ်တော့ဒီလိုသောက်သုံးရေအတွက် စည်ပင်ကနေ နှစ် ၁၀၀ စီမံကိန်းတွေ ချသင့်တယ်။
ရေထွက်တဲ့နေရာကို ပေ ၃၀ ပတ်လည် သေချာ ကြိုးဝိုင်းနဲ့ ကာသင့်တယ်။
ပြီးတော့ ရေထွက်စေတဲ့ သစ်ပင် များများထပ်စိုက်ပေးသင့်တယ်။
ပြီးတော့ရေလှောင်ကန်ကောင်းကောင်းဆောက်ပြီးရင် အိမ်ခြေ ၅၀၀ လောက်ရှိတဲ့မြို့ကို နည်းစနစ်မှန်ကန်စွာ ပေးဝေနိုင်ပါတယ်။
ဒါပေမယ့်ဗျာ...

ရေတံခွန်များတဲ့ချင်းတောင်
 နောက်တစ်ခုက ကျနော်တို့ကောလောင်းရေတံခွန်သွားကြသေးတယ်။
အုတ်ဖိုရွာနဲ့ မကျောက်အားရွာ ကိုဖြတ်သွားပြီးမှ ရောက်ပါတယ်။
ခေါ်သွားတဲ့သူက သွားဆရာဝန်ပေါက်စ ကွေလျန်ပေါ့။
 ရေတံခွန်သွားတဲ့လမ်းက ကျဉ်းလွန်းတော့ကွေလျန်ကိုယ်တိုင် ကျနော့်ကို မောင်းပြီးတင်သွားပါတယ်။
တောင်စောင်းလေးအတိုင်းဖောက်ထားတဲ့ ၂ ပေမကျယ်တဲ့ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းသွားရတာ အတော်အသည်းယားစရာကောင်းပါတယ်။
လွယ်ထားတဲ့အိတ်ထဲက ကင်မရာထုတ်ဖို့ကိုပင် ကျနော်လက်တုန်နေလို့ ဓါတ်ပုံ မရိုက်နိုင်ခဲ့ဘူး။
တစ်ချက်ကလေး မှားတာနဲ့တောင်ခြေကို လှိမ့်ကျသွားမှာ။
ရေတံခွန်ကို ဓါတ်ပုံ ရိုက်ချင်လွန်းလို့သာ သက်စွန့်ဆံဖျားလိုက်လာတာ။ :)
သူ့ရာသီမို့ တစ်တောလုံး စွယ်တော်ပန်းတွေ ပွင့်နေပါတော့တယ်။


နွေရာသီဖြစ်နေပေမယ့် ရေစီးများပါသေးတယ်။ချင်းတောင်ကချောင်းရေ၊ မြစ်ရေတွေက  ရေစီးသန်တယ်။
တောင်ပေါ်က စိမ့်စမ်းရေ သောက်ဖူးသူတိုင်းသိတယ်။
 သောက်လို့မဝနိုင်ဘူး။သန့်တယ်။ ကြည်တယ်။ ဘာအနံ့မှ မရှိဘူး။
စိမ့်ရေကနေချောင်းရေ၊ ချောင်းရေမှ မြစ်ရေ၊ မြစ်ရေကနေ ပင်လယ်အထိစီးဆင်းသွားသလို၊ တို့ဘဝတွေလည်း စိမ့်စမ်းရေတွေလိုပါပဲလား။ စိမ့်စမ်းရေတွေရှိတဲ့ချင်းတောင်ကနေမှ အဆုံးမရှိတဲ့ပင်လယ်ကြီးလို ဟိုးအဝေးကြီးဆီကို။

ဤမျှနှင့်သာ...