Friday 17 April 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။ ( ၂ )

Taxi စီးရင်း Taxi driver ကို နည်းနည်းမေးမြန်းကြည့်တယ်။
တစ်နေ့ကို owner ကြေး ၁၀၀၀၀ (တသောင်း) ပေးရတယ်။
ဓါတ်ဆီဖိုး တစ်နေ့ကို တသောင်းကုန်ကျတယ်။
တစ်ရက်ကို တစ်သောင်းလောက်ကျန်တယ်တဲ့။ ဆိုတော့ တစ်လမှာ သုံးသိန်းရတာပေါ့။
အထက်တန်းပြ ကျောင်းဆရာထက်တောင် သာနေပါရောလား။

probox
ကားအကြောင်းပြောရင်း ရန်ကုန်မှာ အတော် ရေပန်းစားတဲ့ကားက toyota probox ပါ။
အဓိကတော့ နောက်ကပစ္စည်းတင်တဲ့အခန်းအရမ်းကျယ်တာကြောင့်ပါ။
နောက်ခုံတွေကို ခေါက်လိုက်ရင် ရေခဲသေတ္တာအရှည်၊အကြီးတွေ ဆန့်တယ်လို့ taxi သမားက ရှင်းပြသေးတယ်။
ရန်ကုန်ရောက်ရောက်ချင်း သတိထားမိတာက taxi အတော်များများက probox ချည်းပဲ။
ပေါက်ဈေးက သိန်း ၆၀ နဲ့ ၈၀ အကြားမှာရှိပါတယ်။


ငွေရောင်းသည်။
နိုင်ငံခြားကနေ မြန်မာပြည်ကို ငွေလွှဲရင် လူတော်တော်များများ western union နဲ့လွှဲတာ အများဆုံးပါပဲ။
ငွေလဲနှုန်းမှာနှိမ်ထားတော့ ဆုံးရှုံးရပါတယ်။ ပြီးတော့လွှဲခလည်းပေးရသေးတယ်။ မိအေးနှစ်ခါနာ ဆိုတာ ဒီကနေစတာ။ :)
ကျွန်တော် မြန်မာပြည် ATM စက်ကနေငွေထုတ်ကြည့်ပါသေးတယ်။
rate အတိုင်းရတယ်။  1 euro ကို ၁၁၁၅ နှုန်းနဲ့ထုတ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာငွေ ၅၀၀၀ နှုတ်မှာ ဖြစ်တယ်။စက်အသုံးပြုခထင်ပါတယ်။
(credit ကတ်တိုင်း ကတ်အသုံးပြုခ ပေးဆောင်ရပါသေးတယ်။)
ဒီထက်ပိုကောင်းတာရှိသေးတယ်။ ငွေလဲတဲ့ဆိုင်သေးသေးလေးတွေရှိတယ်။
1 euro ကို ၁၁၆၀ နှုန်းနဲ့လှဲပေးပါတယ်။
သတိထားရမယ့်အချက်က ပစ္စည်းရောင်းသလိုရောင်းရတာမျိုးဖြစ်တဲ့အတွက် ငွေတွေက သစ်လွင်နေဖို့ အရေးကြီးတယ်။
ဖြစ်နိုင်ရင်တော့ ပိုက်ဆံအိတ်အရှည်ထဲမှာ မခေါက်ပဲ ထည့်သွားနိုင်ရင် အကောင်းဆုံးပါ။
၂၀ တန်အရွက်အောက်ဆိုရင် ပိုနိမ့်တဲ့ဈေးပါ။ 

ဟိုတုန်းကမြန်မာပြည်ရဲ့စိတ်ကူးယာဉ်အိပ်မက်
မြန်မာပြည်ဖုန်း(simcard) လောကမှာတော့ညာဏ်များတဲ့ MPT ကလက်ဝါးကြီးအုပ်နေဆဲပါ။
telenor နဲ့ ooredoo က မနည်းကိုယက်ကန်နေရဆဲ။
ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေပါ။
MPT ကကြိုးရှည်ရှည်နဲ့ဆွဲထားလို့ လွတ်လပ်စွာ ခေါင်းမမော့နိုင်ကြရှာဘူး။
မျှော်လင့်ချက်ကြီးမားစွာနဲ့ ဝင်လာတဲ့ telenor နဲ့ ooredoo အရူးမ လင်လုပ်ရသလိုပါပဲလား။ အပြုံးတော့မပျက်ရှာဘူး။
သူတို့ရဲ့ poster တွေမြန်မာတပြည်လုံး နေရာအနှံ့ပဲ။ MPT နဲ့အစိုးရအပေါ်မှီခိုမှုကင်းပြီး network provider လွတ်လပ်စွာကိုင်တွယ်နိုင်မယ့် ထိုတစ်နေ့။

ချောက်မြို့
အဝေးပြေးကားဂိတ်တွေက အပြောင်းအလဲမများပေမယ့် Busကားကြီးတွေအားလုံးကတော့ သစ်လွင်တောက်ပနေကြတယ်။
အရမ်းကို အဆင့်မြင့်သွားတယ်။ ကားထဲမှာ အိမ်သာတော့ မပါဘူး။လက်မှတ်ဖြတ်ရင် မှတ်ပုံတင်နံပါတ်ပြောရတယ်။
ရန်ကုန်ကနေ ည ၈နာရီထွက်တာ နောက်နေ့မနက် ၅ နာရီ ချောက်မြို့ကို ရောက်တယ်။ကားခက ၈၀၀၀ ပဲရှိပါတယ်။


 အညာဒေသနဲ့ ယောဒေသတွေက ထမင်းဆိုင်မှာ နာမည်ကြီးတယ်။
ကားသမားက သန့်တယ်ဆိုပြီးညွန်ပေးလို့ သွားစားကြသေးတယ်။
အရန်ဟင်းလည်းများတယ်။အဝစားကို တစ်ထောင်ပဲကျတယ်။

ချောက်မြို့ကနေ မနက် ၇ နာရီထွက်လာပြီး ကန်ပက်လက်မြို့ကို နေ့လည် ၁၂ နာရီလောက်ရောက်ပါတယ်။
ဆိုတော့ ရန်ကုန်ကနေ ချင်းတောင် ကန်ပက်လက်မြို့ကို သွားရင် အတော်နီးတယ်ဆိုရမှာပါ။
ခရီးစရိတ်လည်း အရမ်းသက်သာလှပါတယ်။

ချောက်ကနေ ကန်ပက်လက်ကိုသွားတဲ့လမ်းက အခုမှ ကတ္တရာတွေကို စခင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။
သူများတွေ ကတ္တရာလမ်းမကလို့ လကမ္ဘာပေါ်ရောက်ပြီးနေပြီ။အင်္ဂါဂြိုလ်ပေါ်မှာသွားရောက်နေထိုင်နိုင်မယ့်အရေး စူးစမ်းနေကြပြီ။
ကိုယ်တွေကတော့ မြေနီ၊ကျောက်ခင်းလမ်းကို အသုံးပြုပြီး ဂုဏ်ယူနေကြတုန်း။ :)
တကယ်တော့ သာမန်လူတွေတောင်နေပူလွန်းလို့ နုန်းနေတဲ့ကြားထဲ နေပူမိုးရွာမရှောင် ကျောက်ခင်းနေကြတဲ့ လမ်းလုပ်သူတွေက အရမ်းသနားဖို့ကောင်းပါတယ်။
မိခင်တွေ၊ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ ကလေးတွေပါ ကားလမ်းတလျှောက် ပင်ပန်းစွာ အလုပ်လုပ်နေကြတာ မြင်တွေ့နေရတယ်။ :(

ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ
ဆောမြို့က ကန်ပက်လက်အတွက် အလွန်အရေးပါတဲ့မြို့ပါ။ဆိုင်ကယ်နဲ့သွားရင် တစ်နာရီမကြာပါဘူး။
လိုအပ်တာအကုန် ဆောမြို့မှာသွားဝယ်ကြပါတယ်။ ဈေးချိုသလို စုံလင်ပါတယ်။
ကန်ပက်လက်မှာရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေက ဆောမြို့နယ်ထဲကနေ ထွက်တာပါ။
စားသောက်ကုန်၊လူသုံးကုန်အားလုံးနီးပါး ဆောကို မှီခိုနေရပါတယ်။
ဆောကလည်းပဲ ကန်ပက်လက်ကို မှီခိုနေရတာပဲ မဟုတ်ပါလား။

ထင်းရှူး
ဆောမြို့(မကွေးတိုင်း)ကို ကျော်လို့ တောင်ပေါ်လမ်းအတိုင်းတက်လာရင် ထင်းရှူးရနံ့ သင်းသင်းလေးရမှာဖြစ်တယ်။
နယ်ခံတွေက သတိမထားမိပေမယ့် ထင်းရှူးတောကြီးလိုဖြစ်နေတဲ့ ချင်းတောင်တန်းမှာတော့ ထင်းရှူးရနံ့ ရှူရှိုက်ရတာကိုက ကျန်းမာခြင်းသော့ချက်များလား။


လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စစ်တိုင်းမှူးတစ်ယောက်ဘယ်ကနေဘယ်လို စိတ်ပေါက်သွားလည်းမသိဘူး။
ချင်းပြည်နယ်တိုးတက်ဖို့ လက်ဖက်အကြီးအကျယ်စိုက်ခိုင်းဖူးတယ်။
ကျောင်းအလိုက်၊ ရုံးအလိုက်၊ ဌါနပေါင်းစုံ လက်ဖက်စိုက်ခင်းတွေ ချပေးတယ်။
ချင်းပြည်နယ်သည် လက်ဖက်ပြည်နယ်ဖြစ်ရမည် ဆိုတဲ့ဆိုင်းဘုတ်လည်း နေရာအနှံ့။
တကယ်တမ်း ချင်းလူမျိုးတွေဟာ လက်ဖက်ပင်တွေ ပြုစုတဲ့နေရာမှာ မကျွမ်းကျင်သလို၊ မည်သူမျှ စိတ်မဝင်စားလှပါ။
လက်တွေ့မှာလည်း အလုပ်မဖြစ်ခဲ့ဘူး။ မြန်မာတပြည်လုံး ရှမ်းပြည်နယ်ကထွက်တဲ့ လက်ဖက်အစို၊အခြောက်မျိုးစုံက လွမ်းမိုးပြီးပြီပဲ။
ဝန်ထမ်းအားလုံးနီးပါး ရုံးပိတ်ရက်တွေ ပေါက်ပြားထမ်းပြီး တောဖက်ကို ထွက်နေလိုက်ရတာ၊ လက်ဖက်ပင်တွေက ခုတော့ ဆိတ်စာဖြစ်သွားပြီ။ :)
အုန်းသီးပင်တွေ မစိုက်ခိုင်းခဲ့တာကိုပဲ ဝမ်းသာရမလိုလို။

ချင်းပြည်နယ်ကချင်းပြည်နယ် ဖြစ်နေမြဲသာ။

ဆက်ပါဦးမယ်။

Thursday 9 April 2015

မြန်မာပြည်သို့ ခရီးသွားခြင်း။

ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်တိုင်းပြည်ရဲ့ပြည်ဝင်ခွင့်အကြောင်းနဲ့ ကိုယ့်မှာရှိတဲ့ passport အကြောင်း သိဖို့က အရေးကြီးပါတယ်။

လေယာဉ်လက်မှတ် ဝယ်တဲ့အခါမှာ airline ပေါ်မူတည်ပြီး မတူကြပါဘူး။
မြန်မာပြည်ကို တိုက်ရိုက်လေယာဉ်မရှိတော့ ဘန်ကောက်မှာ ပြောင်းစီးရပါတယ်။
singapore ဖက် hongkong ဖက်ကနေ ပြောင်းစီးလို့ ရပေမယ့် ကြာလွန်းလို့ပါ။
amsterdam ကနေ bangkok ကို china airline စီးပါတယ်။ bangkok ကနေ yangon ကို bangkok airline စီးပါတယ်။

လေယာဉ်လက်မှတ်က တစ်စောင်တည်းပဲ။ check in လုပ်တဲ့အခါ ၂ နာရီအလိုလောက်မှာ လုပ်တာ အကောင်းဆုံးပါပဲ။
ပစ္စည်း(luggage )က ၃၀ ကီလို အထိသယ်ခွင့်ရှိတယ်။ personal bag က ၅ ကီလိုအထိရပါတယ်။
ပြီးတော့ lapop နဲ့ camera ဘာညာတွေကိုလည်း ထပ်သယ်ခွင့်ရှိပါတယ်။
သတိထားရမှာက လူတစ်ယောက် luggage အကြီး တစ်ထုပ်ပဲရပါတယ်။
တစ်ခ်ျို့airline တွေက luggage နှစ်ခုရပါတယ်။ တစ်ထုပ်ကို ၁၅ ကီလိုနှုန်းနဲ့ ပေါ့။
၃၀ ကီလို အတိအကျ မလိုပါဘူး။ ၂ ကီလိုအထိပိုတာလောက်ကိုတော့ လက်ခံကြပါတယ်။ ဒါပေမယ့်ဥပဓိရုပ်ပေါ် မူတည်တာပေါ့။ :)
luggage ကို amsterdam မှာ checkin လုပ်ကတည်းက မြန်မာပြည်ကို တစ်ခါတည်းရောက်ဖို့ code ကပ်ထားပေးပါတယ်။
သဘောာက bangkok ရောက်ရင် ကိုယ်စီးသွားမယ့် လေယာဉ်ပေါ်ကို တန်းတင်ဖို့ပါ။
လူကသာ transit counter ကိုသွားပြီး check in ပြန်လုပ်ရပါတယ်။
အဲ.. thailand လေဆိပ်သုံးတာမို့လို့ thailand visa ယူစရာ မလိုပါဘူး။သူ့နိုင်ငံသွားတာ မဟုတ်လို့ပါ။


ကျွန်တော် နယ်သာလန် passport ကိုင်ပါတယ်။ Thailand ကိုအလည်သွားရင် visa ယူစရာမလိုပါဘူး။ ရက် ၃၀ အထက်နေမှ Visa လျှောက်ရမှာဖြစ်တယ်။
မြန်မာပြည်သွားရင် မဖြစ်မနေ visa တင်ရပါတယ်။ visa ယူပြီးသွားရင် ရက်ပေါင်း ၂၈ ပဲနေထိုင်ခွင့်ရပါတယ်။
ရက်ကျော်ရင် တစ်ရက်ကို ၃ ဒေါ်လာနှုန်းဒဏ်ငွေဆောင်ရပါတယ်။

နယ်သာလန်မှာ မြန်မာသံရုံးမရှိပါဘူး။ အနီးဆုံး belgium မှာရှိပါတယ်။
belgium ကိုသွားရင် အလုပ်ခွင့်တင်ရမယ်။ နေ့လည် ၁၂ နာရီမထိုးခင် အရောက်သွားရမယ်။
visa ခ ၃၅ ယူရိုကျမယ်။ ရထားလက်မှတ်လည်းဈေးကြီးပါတယ်။ လူလည်းပင်ပန်းရမှာပါ။

ပြီးတော့ belgium ရောက်သွားရင်လည်း visa က social visa ပဲရမယ့်သဘောမှာရှိပါတယ်။
social visa ဆိုတာက မြန်မာနိုင်ငံသားဟောင်းတွေအတွက်ပါ။ formula  ၆ မျက်နှာရှိပါတယ်။
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အချက်အလက်အားလုံးလည်း ဖြည့်ရပါတယ်။
ဒါကြောင့် လုံးဝမမိုက်ပါဘူး။

tourist visa ကိုပဲယူချင်ပါတယ်။ သံရုံးသွားစရာ မလိုပဲ internet ကနေ လျှောက်လို့ရတဲ့ e-visa ဆိုတာရှိတယ်။
သူက သိပ်မဖြည့်ရဘူး။ tourist တွေအတွက် သီးသန့်ပေါ့။ ဒေါ်လာ ၅၀ ကျမယ်။
ဆိုတော့ အဲဒါကိုပဲ လျှောက်ပါတယ်။ sunday ညလျှောက်တာ monday မနက် တန်းရတယ်။
ပြည်ဝင်ခွင့် visa ကို ကိုယ့် email ဆီပို့တယ်။ print ထုတ်ပြီး မြန်မာပြည် လေဆိပ် passport control မှာ ပြရုံပဲ။
tourist visa က ဟိုတယ်တွေမှာပဲ တည်းရမယ်တဲ့။ ကျွန်တော်က ဟိုတယ်မှာ တည်းကို မတည်းနိုင်ဘူး။ :)
e-visa link http://evisa.moip.gov.mm/


မြန်မာပြည်လေဆိပ်မှာ ဘာမှတောင် မပြောလိုက်ရဘူး။ ဘာအစစ်ဆေးမှလည်း မရှိပါဘူး။
ဆိုးတာက passport control ကောင်တာ ၄ ခုလောက်ပဲရှိတာ။ မြန်မာပြည်ကို နိုင်ငံခြားသား အသားကုန်ဝင်တာ ကောင်တာ အများကြီးဖြစ်သင့်ပါတယ်။
ကျွန်တော် ၁ နာရီကြာတန်းစီခဲ့ရတယ်။

အနှစ် ၆၀ ကျော် တိုင်းပြည်ကို အမှောင်ချထားခံရတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ လေဆိပ်ကို အများကြီး ပြင်ရဦးမှာပါ။
သားနားမှုဆိုတာထက် စနစ်ကောင်းပေါ်ထွန်းဖို့ပါ။ info sign board တွေ နည်းတာရယ်၊ ဝန်ထမ်းတွေက လှိုက်လှဲပျူငှါမှု အားနည်းတာရယ်။
ဒီနှစ်ခုတော့ စိတ်ထဲမှာ ရှိနေတယ်။ :)

ရန်ကုန်မှာ အပေါဆုံးက taxi တဲ့။ ရန်ကုန်လမ်းပေါ်မှာ taxi စီးရတာ fast and furious 8 ရိုက်နေတယ်လို့ပဲ ခံယူထားလိုက်။
နို့မဟုတ်ရင် ရင်တုန်လို့ မာလခီးယားသွားမယ်။ :)

ကားလမ်းတွေကြပ်တာကတော့ ကမ်းကုန်တယ်။ တိုးတက်တဲ့ တိုင်းပြည်တိုင်း ကြုံရတဲ့ ပြသနာပါ။ သို့သော် ဖြေရှင်းတတ်ရမှာပါ။
ရန်ကုန်မြို့က ကျဉ်းသလောက်လူနေမှုအရမ်းထူထပ်ပါတယ်။
ပုံမှန်ဆက်သွားရင် ကားတွေ ၁ နှစ်အတွင်း ၃၀% လောက်များလာနိုင်တယ်။ ကားဝယ်တာ အရမ်းခေတ်စားနေတယ်။
လမ်းစည်းကမ်းအတိုင်း မမောင်းကြသလို လိုင်စင်လည်း သိပ်လွယ်ပါတယ်။
သို့သော် လမ်းတွေက ကိုလိုနီခေတ်က အတိုင်းပဲ ရှိနေတုန်းပဲ။ :)
မြေနီကုန်းနဲ့ လှည်းတန်း ကုန်းကျော်တံတားတွေ ဆောက်နေပေမယ့်  အရာမရောက်လှဘူးလို့ taxi သမားတွေကပြောပါတယ်။
မော်တော်ကားတွေ မတရားများလာမယ့် ရန်ကုန်အတွက် စီမံကိန်းကောင်းတွေ လည်းရှိဟန်မတူပါဘူး။
taxi ငှါးလို့ရှိရင်လည်း မသွားဘူး ဆိုတာများတယ်။



ဆက်ပါဦးမည်။