Saturday, 9 October 2021

CPU ကို မှန်ကန်စွာ ရွေးချယ်တတ်ပြီလား။

 

ဒီရက်ပိုင်း ကိုမြင့်နိုင်ကြောင့် သွားလို့လာလို့မရ၊ ပျင်းပျင်းရှိနေတော့ ဘာလုပ်ရမှန်းမသိဘူး။
ခေါင်းထဲမှာ အမြဲရှိတဲ့ CPU အကြောင်း အခြေခံဘယ်လို ရွေးချယ်မလဲဆိုတာ ရှင်းပြချင်ပါတယ်။
CPU ရဲ့ အကြောင်းကို ခွဲခြားတတ်လာရင် သေချာပြီ သင်ဟာကွန်ပျူတာအကြောင်းကို စနစ်တကျ နားလည်ပြီ။
CPU ဟာ ကွန်ပျူတာရဲ့ အသက်ဖြစ်တယ်။

long form ကတော့ Central processing unit ဖြစ်ပါတယ်။
မြန်မာလို ပြောရရင်တော့ ဗဟိုလုပ်ဆောင်သည့်စနစ် လို့ ခေါ်ရမှာပါ။
ဗဟိုလုပ်ကိုင်စွမ်းဆောင်ထိန်းချုပ်ခြင်းစနစ် လို့ ခေါ်သည့်နည်းတူ သူဟာ အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်ပါတယ်။
ဒီနေရာမှာ ဒီ CPU ကိုပဲ အခြားနာမည်အားဖြင့် Processor လို့လည်း ခေါ်ပါတယ်။
50/50 ပါပဲ။  နှစ်ခုစလုံး ၁၀၀% မှန်ကန်ပါတယ်။

ကမ္ဘာမှာ CPU ကို ထုတ်လုပ်တဲ့ ကုမ္ပဏီ နှစ်ခုလေးပဲ ရှိပါတယ်။
intel နဲ့ AMD ပဲဖြစ်ပါတယ်။
ဒီနှစ်ခုရှိတဲ့အနက် intel က ဈေးကွက်မှာ ၇၅% လောက်ကို ချုပ်ကိုင်ထားပြီး AMD က ၂၅%လေးကိုပဲ ချုပ်ကိုင်ထားနိုင်ပါတယ်။
တော်တော်ကို မတရားလိုက်တာနော်။ intel ကဘာကြောင့် ဒီလောက်တောင် အောင်မြင်နိုင်ရတာလဲ။ ဘာကြောင့်များလဲ။
ဈေးကွက်တစ်ခုလုံးနီးပါးကို ချုပ်ကိုင်နိုင်တဲ့အစွမ်းကတော့ ကောင်းလည်းကောင်းသလို၊ လာဘ်ပေးလာဘ်ယူလုပ်နိုင်ခဲ့လို့ပါပဲ။ ဟာသမဟုတ်ဘူး..တကယ်။

ကဲပါလေ၊  ဒီကိစ္စနောက်မှ ရှင်းကြတာပေါ့။ ဦးတည်ချက် ပျောက်သွားနိုင်တယ်။
AMD CPU ဘယ်လိုရွေးချယ်ရမလဲဆိုတာ နောက်များမှ ကြုံရင် ရေးပါ့မယ်။
အခုတော့ intel အကြောင်းကိုပဲ ရေးပါ့မယ်။

အလွယ်ကူဆုံးအနေနဲ့ intel CPU တွေကို class 5 မျိုးခွဲထားပါတယ်။
intel Celeron
intel Pentium
intel core-i3
intel core-i5
intel core-i7





intel Celeron နဲ့ intel Pentium ဟာ အနိမ့်ဆုံး CPU ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မဝယ်ပါနဲ့။
ဈေးလည်းအချိုဆုံးဖြစ်ပါတယ်။ စွမ်းဆောင်ရည်လည်းနိမ့်ပါတယ်။
ကွန်ပျူတာ သုံးလို့ရရုံပဲ ဖြစ်ပါတယ်။ ရေရှည်အတွက်တော့ အားမပေးပါဘူး။

ဒါကြောင့် Core series တွေကိုပဲ ရွေးချယ်ရပါမယ်။
intel pentium နဲ့ intel core i3 နဲ့ ဈေးနှုန်းသိပ်ကွာတာလည်းမဟုတ်ပါဘူး။

core series တွေဟာ ထုတ်လုပ်ကတည်းက အမြင့်ပိုင်း လုပ်ဆောင်မှုအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။
intel Core  series တွေမှာ  ထူးခြားချက်က hyperthreading ပါတယ်။ turbo boost ပါတယ်။
ပြီးတော့ အဲဒီ core  series တွေပေါ်မှာပါတဲ့ onboard video chip တွေဟာ ပိုမြင့်ပါတယ်။
hyperthreading ဆိုတာက သူ့ရဲ့ core နှစ်ခုနဲ့လုပ်ဆောင်တာကို တစ်ဆတိုးစေတယ်။
သဘောက windows က Core လေးခုနဲ့ အလုပ်လုပ်ပါတယ်ဆိုပြီး မှတ်သားတယ်။ ဒါကြောင့် ပိုပြီးမြန်ဆန်စွာ လုပ်ဆောင်နိုင်တယ်။

ဒီလိုနည်းပညာတွေဟာ intel ရဲ့ core CPU တွေမှာပဲ ပါတဲ့အတွက် ရေရှည်အတွက်လည်း တွက်ခြေကိုက်ပါတယ်။
လက်ရှိမှာ windows 7 , windows 10 တွေမှာ ကောင်းစွာအလုပ်လုပ်ပေးနိုင်သလို နောက်လာမည့် နှစ်ပေါင်း ၂၀ နှစ်၊ ၄၀ နှစ်အတွက် အာမခံချက်လည်း ရှိပါတယ်။
operating system အသစ်ထွက်တိုင်း ကောင်းကောင်း run နိုင်မယ် အာမခံတယ်။
ဒါကြောင့် ရှင်းပါတယ်။
intel celeron
intel Pentium တွေကို မဝယ်ပါနဲ့။
intel core-i3
intel core-i5
intel core-i7 တွေကို သာဝယ်ပါ။

ဟုတ်ပါပြီ။ ဒီ သုံးမျိုးက ဘယ်လိုကွာလဲ၊ ဘယ်လိုရွေးချယ်ရမလဲ။
intel core i3 မှာ
Core 2 / thread 4

intel core i5
Core 4/ thread 4

intel core i7
Core 4/ thread 8


ဒီလိုအသီးသီး ထပ်ကွာပါသေးတယ်။
ကျတော်တို့နေ့စဉ် အသုံးပြုနေကျ youtube ကြည့်၊ စာကြည့်၊ office သုံး စတာတွေအတွက် core i3 ဟာ အတော်လုံလောက်ပါတယ်။
computer Game တွေဆော့မယ်ဆိုရင် core နှစ်ခုနဲ့တော့ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် core 4 ခုနဲ့အလုပ်လုပ်တဲ့ core i5 ကိုသာရွေးချယ်ရမှာပါ။
music product လုပ်တယ်၊ Video editing တွေလုပ်တယ်ဆိုရင်တော့ core i7 ကို သာရွေးချယ်ရမှာဖြစ်ပါတယ်။

ကဲဟုတ်ပါပြီ။ ဒီ Core series တွေမှာ ဈေးလည်းအချိုဆုံးလည်းဖြစ်၊ ကျနော်တို့ နိစ္စဓူဝ သုံးမယ့် program နဲ့ကိုက်မယ့် core i3 ကိုပဲ ကျေကျေနပ်နပ်ရွေးချယ်ကြတာပေါ့။
intel Core-i3 မှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ထုတ်တဲ့ intel core i3 ရှိသလို ဒီနှစ်အသစ်စက်စက်ထုတ်တဲ့ intel core i3 လည်းရှိတယ်။
သစ်လေလေ၊ ကောင်းလေလေပေါ့။
ဆိုတော့ ဘယ်လိုခွဲခြားမလဲ။
သူ့နာမည်ရဲ့နောက်က နံပါတ်တွေကို ကြည့်လိုက်ရုံနဲ့ လွယ်ကူစွာ ခွဲခြားနိုင်ပါတယ်။
နာမည်တွေမှာ ဂဏန်းလေးလုံးအမြဲပါတယ်။ ရှေ့ဆုံးဂဏန်းလေးကိုပဲကြည့်။
intel core i3-2100
intel core i3- 4230
intel core i3-8100


ရှေ့ဆုံးမှာ 2 လို့ရေးထားရင်  2nd generation.
4 လို့ရေးထားရင် 4th  generation
8 လို့ရေးထားရင် 8th generation.

generation မြင့်လေလေ နည်းပညာလေးတွေ နည်းနည်းစီ မြင့်လာလေလေဖြစ်ပါတယ်။
အဲတော့ ပိုမြင့်တာလေးကို ရွေးချယ်ရုံပဲလေ။ စျေးအရမ်းကွာလွန်းနေရင်တော့ နိမ့်တာလေးကိုပဲ ရွေးချယ်ရင်လည်း ပြသနာမဟုတ်ပါဘူး။
အောက်မှာ generation အလိုက် နာမည်တွေကို ကြည့်ကြည့်ပါ။ ခွဲခြားတတ်ရဲ့လား။
Intel Core i3-2130 (2011 ခုနှစ်တွင်ထုတ်လုပ်)
Intel Core i3-3220
Intel Core i3-4370
Intel Core i3-5157U
Intel Core i3-6100
Intel Core i3-7320
Intel Core i3-8300
Intel Core i3-9350K
Intel Core i3-10300 (၂၀၂၀ ခုနှစ်တွင်ထုတ်လုပ်)

ဒီလိုပဲ ဒီ i3 တွေရဲ့ နာမည်ကို ကြည့်ရုံနဲ့ ဘယ်ဟာက ပိုမြင့်တယ်၊ ပိုနိမ့်တယ် ခွဲခြားနိုင်သလို
Core i5 တွေ၊ core i7 တွေကိုလည်း လွယ်ကူစွာ နားလည်နိုင်မှာ ဖြစ်တယ်။ အတူတူပဲဖြစ်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ intel ရဲ့ 4th generation CPU ကနေ 10th အကြားများစွာ စုံလင်စွာ ရွေးချယ်လို့ ရနေပါတယ်။
သေချာတာတစ်ခုကတော့ ကွန်ပျူတာခေတ်ကလည်း ကုန်ချင်နေပြီ။ လူတိုင်းက mobile ဖုန်းကနေ ဘာမဆို လုပ်လို့ရနေပြီဆိုတော့
ကွန်ပျူတာဖက်ကို သိပ်ပြီး မလှည့်ကြတော့ဘူး။ ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တတ်ဖို့ လိုပေမယ့် ဖုန်းက ကျွမ်းကျင်စွာ ကိုင်တတ်ဖို့သိပ်မလိုဘူးလေ။
အားလုံးက banking system တွေကိုလည်း ဖုန်းကနေ လွယ်ကူစွာလုပ်လို့ ရနေပြီဆိုတော့ ကွန်ပျူတာကို ကိုင်စရာမလိုအပ်တော့ဘူး။

ကဲအေက်မှာ လက်ရှိရောင်းနေတဲ့ desktop computer တွေကို ကြည့်ကြည့်ရအောင်။
သင်ကဘယ်လို ရွေးချယ်မလဲ။
core i3 ထက် core i5 က အဆပေါင်းများစွာ ပိုကောင်းတယ်။ ဒါပေမယ့် ဘာလို့စျေးနှုန်းတူနေရတာလဲ။
core i5 က generation နိမ့်နေပါတယ်။ ဒါကြောင့် ရွေးချယ်ဖို့ စဉ်းစားစရာ ဖြစ်သွားတာပေါ့။



ကဲဒီမျှဖြင့်။
CPU အကြောင်း အကြမ်းဖျင်း ရွေးချယ်တတ်ကြပါစေ။
ပါဘိခ်။

ဖုန်းထဲကို သီချင်း ထည့်ဖြစ်လား။

 

ကျတော်အမြဲရေးချင်ခဲ့တဲ့ အကြောင်းအရာထဲမှာ ယခုရေးမယ့် အကြောင်းအရာပါပါတယ်။
ဒါပေမယ့် မရေးဖြစ်ခဲ့ပါဘူး။ အကြောင်းအရာဆိုတာထက် Tutorial သဘောမျိုးလည်းဖြစ်ပါတယ်။

ဂီတနှင့်ကင်းနိုင်တဲ့သူ မရှိပါဘူး။
ဂီတအနုပညာကို ဘယ်လို ခံစားသလဲလို့မေးရင် သီချင်းနားထောင်တယ် ဆိုတဲ့အဖြေပဲ များသောအားဖြင့် ထွက်လာပါလိမ့်မယ်။
ဘယ်လိုနားထောင်သလဲလို့မေးရင် ဖုန်းထဲထည့်ပြီး နားထောင်တယ် ဆိုပြီး ဖြေကြပါလိမ့်မယ်။
ဒါတောင် ဖုန်းထဲ မထည့်တတ်သူက ၆၀ % လောက်ရှိမှာ အသေအချာပဲ။


အရင်ခေတ်တုန်းကလို ကက်ဆက်ကြီးတွေ အိမ်ထဲမှာ ဟီးနေအောင်ထောင်ထားပြီး ဓါတ်ခဲလေးလုံးထည့်၊ ထီးဆိုင်သီချင်ခွေကို တရပ်ကွက်လုံးကြားအောင်
တနေကုန်ဖွင့်တဲ့ခေတ်လည်း မဟုတ်တော့ဘူး။ CD player နဲ့ mp3 CD ခွေသီချင်းကို နားကြပ်ကလေးနဲ့ နားထောင်တဲ့ခေတ်လည်း မဟုတ်တော့ဘူး။
ကုန်ကုန်ပြောရရင် VCD ခေတ်တောင် ကုန်နေပါပြီလေ။


ခေတ်ရဲ့အခြေအနေက Streaming လို့ခေါ်တဲ့ လိုင်းပေါ်မှာ လစဉ်ကြေးပေးသွင်းပြီး ကြိုက်တဲ့သီချင်းကို နားထောင်လိုက်ရုံပါပဲ။
ဒါဟာ သုံးဖက်ဆိုင်အတွက် အတော်ကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်။

သီချင်းထုတ်လုပ်သူ၊
line ပေါ်မှာ streaming လုပ်တဲ့ ကုမ္ပဏီ၊
သီချင်းနားထောင်သူ။



၅ ဒေါ်လာနဲ့  သီချင်းဝယ်ယူနားထောင်ရင်တော့ ၂ ပုဒ်ကနေ ၅ ပုဒ်လောက်တော့ဝယ်ယူနားထောင်လို့ရပါတယ်။
သီချင်းရောင်းတဲ့ website, platform တွေမှာ တစ်ပုဒ်ကို 0.99,  သို့မဟုတ် 2.99 $ စသဖြင့် အသီးသီးရောင်းကြပါတယ်။

သီချင်းသိန်းနဲ့ချီနားထောင်ချင်ရင်တော့ လပေးစနစ်နဲ့ တစ်လကို ၅ ဒေါ်လာနှုန်းလေးပေးရင် နားထောင်လို့ရမယ်။ ဒါပေမယ့်
တစ်သက်လုံးနီးပါးနော်။ လစဉ် ၅ ဒေါ်လာ
တစ်နှစ်မှာ ဒေါ်လာ ၆၀ ကုန်မယ်။ ၁၀ နှစ်အတွင်း ဆိုရင် ၆၀၀ ဒေါ်လာကုန်မယ်။
သင်ဘာကိုရွေးမလဲ။
music streaming လောကမှာ နာမည်ကြီးတာတွေက spotify၊ tidal၊ apple music၊ တွေဖြစ်ကြပြီး မြန်မာပြည်မှာတော့ Joox ဖြစ်ပါလိမ့်မယ်။



အဲတော့ကိုယ်တို့စားသုံးသူတွေအတွက်က ဘယ်လိုရွေးရွေး အလွန်အင်မတန်တွက်ခြေကိုက်ပါတယ်။
streaming လုပ်တဲ့ကုမ္ပဏီတွေဆီမှာ လူဦးရေ သန်း ၂၀ လောက် customer ရှိရင် သူတို့ရဲ့ တစ်လဝင်ငွေကို တွက်ကြည့်လိုက်ပေါ့။
စဉ်းစားတတ်တဲ့ ကုမ္ပဏီတော်တော်များများက product ထုတ်လုပ်ဖို့ထက် အချိန်မကုန်၊လူမပင်ပန်း၊ အရင်းအနှီးနည်းတဲ့ streaming service ဖက်ကိုပဲ
အသည်းအသန် ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။
apple music တဲ့ apple TV တဲ့၊ apple radio တဲ့။
google music  (google play )
amazon music စသဖြင့်ပေါ့။


ထုတ်လုပ်သူတွေဖက်ကလည်း လစဉ် copyright ကြေးကို streaming ကုမ္ပဏီဆီက အမြဲဝင်ငွေရနေရင် သီချင်းကောင်းတွေ လစဉ်
ထုတ်လုပ်နိုင်မှာ ဖြစ်တယ်။ ဒီလိုပဲ သံသရာ လည်နေတော့မှာပေါ့။
ကမ္ဘာမှာ ဝင်ငွေအများဆုံးရတဲ့သီချင်းက Wham- last chritmas သီချင်းလို့ ကြားဖူးပါတယ်။ အကြောင်းက ခရစ်စမတ်ရာသီရောက်တိုင်း
streaming company နဲ့ radio station တွေက အမြဲလွှင့်နေတော့ သီချင်းမူပိုင်ရထားသူက ခုချိန်ထိ အမြဲဝင်ငွေရနေတယ်လို့ မှတ်သားဖူးပါတယ်။
နောင်နှစ်ပေါင်းများစွာလည်း ရနေဦးမှာ။

bill gate က အချမ်းသာဆုံးဖြစ်သွားတာ windows ထွင်လို့ဆိုတာထက် windows ရဲ့မူပိုင်ခွင့်ရထားလို့ အချမ်းသာဆုံးဖြစ်သွားတာ။
ဒါကြောင့် မူပိုင်ခွင့်ဟာ အတော်အရေးပါတယ်။ ဒါပေမယ့် ကိုယ်တို့မြန်မာပြည်ရဲ့ မူပိုင်ခွင့်ကိစ္စကတော့ .......

ကဲဟုတ်ပါပြီ။ သီချင်းဆိုတာ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ အထီးကျန်နေချိန်၊ ပျော်တဲ့ချိန် အားလုံးက နားထောင်ချင်ကြတာချည်းပဲ။
ထပ်ခါထပ်ခါပေါ့။ ဖျော်ဖြေရေးကဏ္ဍထဲပါပေမယ့် movie တွေလို တစ်ခါကြည့်ပြီးသွားရင် ရိုးသွားတဲ့ ထုံးစံ မရှိပါဘူး။


ဒါဆိုရင် သီချင်းကို ဝယ်ယူနားဆင်သလား။ လစဉ်ကြေးပေးသွင်းပြီးတော့ နားထောင်သလား။
သူများတော့မသိဘူး။ ကျတော်က သိပ်ကို နှမြောတာ။ အသိတွေထဲက သီချင်း CD ခွေအတင်း ထိုးရောင်းမှ ဝယ်ဖြစ်တယ်။ နားမထောင်ဖြစ်ပါဘူး။

မြန်မာပြည်သားမို့လို့ထင်ပါတယ် ဝယ်ယူနားဆင်ရကောင်းမှန်းမသိဘူး။
ပိုဆိုးတာက မြန်မာပြည်မှာ ငွေ ၁၀၀၀ လောက်ပေးရင် သီချင်းပေါင်း ရာနဲ့ချီ ဖုန်းထဲကို ထည့်ခိုင်းလို့ရနေတော့ အတော်ဆိုးသွားပါပြီ။
မြန်မာ့သီချင်းအနုပညာလောက ပျက်စီးတာ ဘာကြောင့်လဲလို့ မေးခွန်းထုတ်စရာ မလိုတော့ပါဘူး။
အချစ်သီချင်း၊ နှလုံးသားနဲ့ရင်းပြီး ရေးတဲ့သီချင်းတွေမှာ သူတို့ ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ သီချင်းရေးခဲ့ကြတယ်။
ထားပါလေ။


နိုင်ငံခြားရောက်မြန်မာပြည်သားတွေကျတော့ စားသောက်ဆိုင်မှာ ရှယ်စားပြီးရင် စားပွဲထိုးကို tip money  ၃ ယူရိုမှ ၅ ယူရို ပတ်ခနဲ ပေးရဲကြပေမယ့်
သီချင်းကောင်းတစ်ပုဒ်အတွက် ၁ ယူရိုနဲ့ ဝယ်ဖို့ကျ အရမ်းတွန့်တိုကြတယ်။ ဝယ်ယူနားဆင်တဲ့သူ မရှိသလောက်ရှားပါတယ်။


သူများကို မပြောဘူး။ ကျတော်ကိုယ်တိုင်ကအစ အတော် နှမြောတတ်တော့ ပြုပြင်နေပါတယ်။
အများစုက သီချင်းနားထောင်ချင်ရင် video platform ဖြစ်တဲ့ youtube ကိုပဲ အားကိုးရပါတယ်။
free platform ပေါ့နော်။
ရထားစီးရင်း youtube video တကားကားနားထောင်ရင် internet မတရားစားမှာဖြစ်တဲ့အတွက် တွက်ခြေမကိုက်ပြန်ပါဘူး။
ဒီ online video ကို အသံတစ်ခုထဲ ကိုပဲ သိမ်းထားပြီး နားထောင်လို့ရပါတယ်။
video to mp3 download ဆွဲခြင်း ဖြစ်ပါတယ်။
စည်းကမ်းကတော့ မိမိတစ်ကိုယ်တည်း သုံးစွဲ နားထောင်ဖို့ပဲ ဖြစ်တယ်။ သူများကို ထပ်ဆင့် ဝေမျှခွင့်မရှိဘူး။
မရောင်းရဘူး။ ဒီလိုလုပ်ရင် စည်းကမ်းချက်နဲ့ညီပါတယ်။

ကျန်တာကတော့ youtube နဲ့ မူပိုင်သူနှင့် ရှင်းရပါလိမ့်မယ်။မြန်မာပြည်မှာ ခက်ခဲရုန်းကန်မှုကြားထဲက မရှိမဲ့ရှိမဲ့ပိုက်ဆံလေးကို အခွေထွက်ဖို့
ပုံအောပေးပြီးခါမှ သီချင်းလည်း ထွက်လာရော၊ youtube ပေါ်မှာ နေ့တွင်းချင်း၊ ညတွင်းချင်းတင်လာကြတယ်။
ခေတ်စကားနဲ့ဆို သေပြီပေါ့။
ကမ္ဘာ့နာမည်ကြီး အဆိုတော်တွေကိုယ်တိုင် youtube နဲ့ ပြသနာပေါင်းများစွာ တက်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း တားဆီးလို့ရတော့တဲ့ခေတ် မဟုတ်တော့ဘူးလေ။


Android ဖုန်းသုံးသူတွေအတွက်က youtube website ကနေ ဖုန်းထဲကို တန်းခနဲ သီချင်းထည့်နိုင်ဖို့ snaptube app ရှိတယ်။
google playstore မှာ မရှိပါဘူး။ တင်ခွင့်မပေးကြပါဘူး။
Huawei ရဲ့ ကိုယ်ပိုင် appGallary မှာတော့ တင်ထားတယ်။
manually ထည့်ချင်ရင်တော့ https://www.snaptubeapp.com/   website link ကနေ သွင်းလို့လည်းရပါတယ်။

ကျတော်ကတော့ ဒီလိုနည်းမျိုးကို မသုံးချင်ပါဘူး။
ဖြစ်ကတတ်ဆန်း ဆန်တယ်ယူဆလို့ပါ။ ဒါပေမယ့်လည်း နည်းပညာပိုင်း မကျွမ်းကျင်သူတွေအတွက် ဒါက အကောင်းဆုံး option ဖြစ်ပါလိမ့်မယ်။


ကျတော်ဘယ်လို လုပ်သလဲ။
၁။ သီချင်းကို download ဆွဲ
၂။ သီချင်းကို မလိုအပ်တဲ့နေရာ ဖြတ်တောက်
၃။ Album art ၊ ရေးသူ၊ ဆိုသူတွေ ရဲ့နာမည်ပေါင်းထည့်
၄။ ဖုန်းထဲကို ထည့်


၁။ သီချင်းကို download ဆွဲ
ကျတော်က ဂျီးများသလို သပ်သပ်ရပ်ရပ် လေးဖြစ်တာ ကြိုက်တယ်။
သီချင်းများများစားစား မကြိုက်ဘူး။ တကယ်ကြိုက်တဲ့ သီချင်း အပုဒ်ရေ ၅၀ လောက်ကို ပဲ စွဲစွဲမြဲမြဲ နားထောင်ဖြစ်တယ်။
ကွန်ပျူတာထဲမှာ
youtube to mp3 ပြောင်းပေးတဲ့ software ကောင်းကောင်းကလေးကို ထည့်ထားတယ်။
၁။ 4k youtube to mp3
၂။ MediaHuman youtube to mp3
ဒီနှစ်ခုကတော့ ကျတော့်အကြိုက်ဆုံး program တွေဖြစ်ပါတယ်။ ကြိုက်တာတစ်ခုသုံးတယ်။



၂။သီချင်းကို မလိုအပ်တဲ့နေရာ ဖြတ်တောက်
သီချင်းရလာပြီဆိုရင် audacity ဆိုတဲ့ program နဲ့ သီချင်း အစပိုင်းနဲ့ အဆုံးပိုင်းတွေ မလိုတာတွေ ဖြတ်တောက်ပစ်လိုက်ပါတယ်။
သီချင်းအစပိုင်းမှာ မလိုတဲ့ စာတန်းထိုးတွေ များများ ပါလာတတ်တော့ အဲဒီအပိုင်းကို ဖြတ်တောက်ပစ်ခြင်း ဖြစ်ပါတယ်။
file size လည်း သေးသွားမှာ ဖြစ်တဲ့အတွက် များများ ပိုဆန့်လာမှာလည်း ဖြစ်တယ်။
audacity က သီချင်း Record ဖို့၊ ဖြတ်ဖို့၊ ဆက်ဖို့ အကောင်းဆုံး Tool ဖြစ်တယ်။ opensource ဖြစ်တယ်။
သီချင်းတွေကို Export ပြန်လုပ်တဲ့အခါ quality မှာ 170-210 kbps bitrate ကို ရွေးချယ်ပေးလိုက်ပါတယ်။


၃။ Album art ၊ ရေးသူ၊ ဆိုသူတွေ ရဲ့နာမည်ပေါင်းထည့်
ဒီအချက်ကို သေချာလုပ်ထားမှ ဖုန်းထဲမှာ သီချင်းထည့်တဲ့အခါ လှလှပပ ကလေးပေါ်မှာဖြစ်တယ်။
သီချင်း album art လို့ခေါ်တဲ့ CD အခွေ cover ဓါတ်ပုံတွေကိုတော့ google ကနေ ရိုက်ရှာပါတယ်။
ခွေနာမည်၊ ထုတ်လုပ်တဲ့နှစ်တွေကို သိရပြီဆိုရင် Mp3tag ဆိုတဲ့ program ကို သုံးပါတယ်။
ဒါကလည်း opensurce software ဖြစ်ပါတယ်။
ဒီ အဆင့်မှာတော့ သီချင်းက ready ဖြစ်နေပါပြီ။
computer ထဲမှာ သိမ်းထားပါတယ်။
ပြီးတော့ online cloud (pcloud website မှာ) ပေါ်မှာလည်း သိမ်းထားပါတယ်။ မပျောက်ပျက်အောင် သိမ်းထားတဲ့သဘောပါ။



၄။ ဖုန်းထဲကို ထည့်
ဒီအချက်မှာ android ဖုန်းသုံးသူတွေအတွက် ပြသနာမရှိပါဘူး။ cloud ပေါ်ကနေဖုန်းထဲကို တန်းထည့်လို့တောင် ရပါတယ်။
ဒါပေမယ့် iphone သုံးတဲ့သူအတွက်က အတော်ခက်ခဲပါတယ်။
iphone သုံးစွဲသူတွေမှာလည်း မျောက်အုန်းသီးရသလိုပါပဲ။ သူများအထင်ကြီးအောင် ဖုန်းစျေးကြီးပေးဝယ်ထားပါရဲ့သီချင်းသာ မထည့်တတ်တာ။
လွယ်လွယ်ထည့်လို့မရအောင်လည်း Apple ကုမ္ပဏီက လုပ်ထားတာကိုး။
ဖုန်းထဲမှာ သီချင်းထည့်ချင်ရင် itunes store မှာ သီချင်းဝယ်၊ ဝယ်ထားတဲ့သီချင်း music app ထဲရောက်သွားလိမ့်မယ်။
ဒါမှမဟုတ်ရင် ကွန်ပျူတာကနေဝယ်။ itunes software နဲ့ iphone ထဲကို ကူးပြောင်းရမယ်။

itunes software ဆိုတာကလည်း သုံးစွဲရသိပ်ခက်တာ။ သီချင်းကူးပြောင်းချိန် synchronise လုပ်တာမှားသွားရင် ရှိသမျှ သီချင်းပြောင်ပြီ။
ဒါကြောင့်လည်း iphone သုံးသူတွေမှာ သီချင်းမထည့်တတ်ကြတာ။
လူတချို့ကတော့ apple ရဲ့ မူရင်း music app မဟုတ်ဘဲ third party app တွေကနေ သီချင်းထည့်နားထောင်ကြပါတယ်။
အဲဒါက မမိုက်ပါဘူး။ ပြီးတော့ ဘက်ထရီလည်း ပိုကုန်ပါလိမ့်မယ်။
အလွယ်ကူဆုံးကတော့ 3utools software  ( http://www.3u.com/ ) သုံးပြီး pc ထဲကနေ phone ထဲကို  သီချင်းထည့်ကြည့်ပါ။
itools ဆိုတဲ့ software ကိုလည်း သုံးဖြစ်ပါတယ်။ သီချင်း၊ video၊ photo၊ တွေကိုလည်း ဒီ software လေးတွေသုံးပြီး အမြဲကူးပြောင်းဖြစ်ပါတယ်။
import , export လုပ်ရတာ အတော်လွယ်ကူပါတယ်။
ကျတော်က personal computer ကို တစိုက်မတ်မတ်သုံးစွဲသူမို့လို့ pc ကိုအခြေခံပြီးလုပ်တာများပါတယ်။
ဒီခေတ်မှာ entertainment အတွက် tablet နဲ့ smartphone ပေါ်မှာပဲ အပြီးကိုင်ကြပေမယ့် ကျတော်က pc သမားမို့လို့ပါ။




အဆုံးသတ်ရေးချင်တာက ကျတော်ဒီနည်းနဲ့ သီချင်းတွေကို ဖုန်းထဲထည့်ပါတယ်။
ကျတော်လွန်သလား၊ မှားသလား မသိပါဘူး။ ဝယ်ယူနားထောင်သင့်သလား။
ကျတော်သူများကို ဒီနည်းလမ်း မျှဝေပေးသင့်ပါသလား။
ဒါမှမဟုတ် ယခုကျတော့်လုပ်ပုံသည် သူခိုး ခိုးနည်းများလား။
သူခိုးအားပေးလုပ်နေသလား။
တရားဝင်ပါ့မလား။ တရားမဝင်ရင် ဒီ tools တွေ ရှိလာနိုင်ပါ့မလား။
ဒီလိုလားပေါင်းများစွာကြောင့် ဒီ article ကို ရေးချင်ပေမယ့် မရေးဖြစ်ခဲ့ဘူး ဆိုပြီး အစမှာ စကားပလ္လင်ခံထားခဲ့ခြင်းဖြစ်ပါတယ်။

အနည်းဆုံးတော့ ဗဟုသုတလေးဖြစ်ဖြစ်  ရရှိနိုင်ကြပါစေဗျာ။

ချစ်ခင်လေးစားလျက်၊
ပါဘိခ်။

ဇော်ဂျီဖောင့် မသုံးပါနဲ့တော့။

 အားမနာစတမ်းပြောရရင် ဒီချိန်မှာ လူတစ်ချို့ဇော်ဂျီဖောင့်အသုံးပြုနေကြသေးတာ၊ မဖြစ်သင့်တော့ပါဘူး။
ဇော်ဂျီကို အရင် ၁၀ စုနှစ်တစ်ခုကျော်ကျော် တွင်တွင်ကျယ်ကျယ်အသုံးပြုနေခဲ့ကြတာဟာ အဲဒီအချိန်ခါတုန်းက
ဗဟုသုတ နည်းခဲ့ကြတာလည်းပါသလို၊ ပညာရှင်တွေရဲ့အားပြိုင်မှု များသွားခဲ့လို့ပါ။

အသုံးပြုသူများအနေနဲ့လည်း ဘယ်ဟာကောင်းလဲ မကောင်းလဲဆိုတာစဉ်းစားဖို့ option သိပ်မများခဲ့ဘူး။
ထည့်ရတာလွယ်ကူတယ်။ တစ်ယောက်ကနေ နှစ်ယောက်စ၊ online ပေါ်မှာ facebook မတွင်ကျယ်ခင်၊
blog ခေတ်စားတဲ့ခေတ်တုန်းက နာမည်ကြီး blogger တွေက ဇော်ဂျီကိုပဲ သုံးဖို့ အားပေးသလို၊
ထည့်နည်းနဲ့ စာရိုက်နည်းတွေပါ သေချာပြပေးခဲ့ကြတော့ ဇော်ဂျီက နာမည်ကြီးသွားတယ်။

အဲဒီ မတိုင်ခင်တုန်းက gtalk ခေတ်နဲ့ chat room တွေ ခေတ်စားခဲ့တာ။အဲဒီတုန်းက မြန်မာစာ မရိုက်နိုင်ကြသေးဘူး။
burglish လို့ခေါ်တဲ့ nay koungg larr...ma arr buu..  တွေနဲ့ စာတွေ အများကြီးရေးခဲ့ကြတယ်။
အဲဒီခေတ်တုန်းက burglish တွေ ဖတ်တတ်၊ ရေးတတ်ရင် အကောင်ပဲ။ (အင်တာနက်ကဖေးဖိုးနဲ့ မွဲမယ့်အကောင်)


အတိုချုန်းရှင်းပြရရင် ဇော်ဂျီက သတ်မှတ်ထားတဲ့စံနှုန်းပေါ်မှာ အခြေခံပြီးရေးခဲ့တာ မဟုတ်ဘူး။
ဖတ်လို့ရရင်ပြီးရော၊ဆိုတဲ့ အချိုးနဲ့ အလွယ်တကူ ထွင်ခဲ့ကြတာ။
ကိန်းစဉ်ဂဏန်းတွေ auto စီလို့မရဘူး။ ကကြီး ကနေ အ အထိ စီလို့မရဘူး။
alphabet ကို နားမလည်ဘူး။ အထားအသို မလိုက်နာဘူး။
ကို... ဆိုတဲ့ စကားလုံးကို ရေးရင် လုံးကြီးတင်အရင်ရေးတာလား။ တစ်ချောင်းငင်အရင်ရေးတာလား။
တစ်ခုခု မှားရေးမိရင် ပြန်ရှာလို့ မရဘူး။

စံချိန်စံညွန်းပေါ်မှာ တီထွင်တဲ့စာ မဟုတ်လို့ ဘယ်လိုမှ အလုပ်မဖြစ်ဘူး။
နောက်ထပ်ဥပမာပေးချင်သေးတယ်။
ကန်ပက်လက်မြို့မှာ လူဦးရေ ၅၀၀၀ ရှိတယ်။ ကျတော်မှတ်ပုံတင်ပျောက်လို့ အသစ် လျှောက်ချင်တယ်။
လဝက ရုံးမှာ အသစ်လျှောက်ဖို့သွားတယ်။ 'ဘိခ်' ဆိုတဲ့တစ်လုံးကို ကွန်ပျူတာထဲမှာရိုက်ရှာလိုက်ရုံနဲ့
ကျတော့် အချက်အလက်တွေ အကုန်လုံး ထွက်လာမယ်။ နေ့တွင်းချင်း အသစ်လျှောက်တဲ့ မှတ်ပုံတင် process ပြီးမယ်။
လူ ၅ သိန်းရှိရင်လည်း၊ လူ ၅ သန်းရှိရင်လည်း စက္ကန့်ပိုင်းအတွင်း ရိုက်ရှာနိုင်မယ်။
အဲဒါက မြန်မာစာကို ကွန်ပျူတာက သိတဲ့အတွက်ကြောင့် ဖြစ်တယ်။
အဲလို ကွန်ပျူတာစနစ်က မြန်မာစာကို သိဖို့ စံချိန်စံညွန်းကို လိုက်နာပြီး တီထွင်တဲ့ မြန်မာစာတွေကိုပဲ သိမယ်။
အဲလိုစာတွေထဲမှာ ၊ myanmar3, ဝင်း, ပိတောက်, ပြည်ထောင်စု... စတဲ့၊ စတဲ့ စာလုံးတွေပဲ ဖြစ်ပါတယ်။
ဇော်ဂျီ မပါဝင်ပါ။
computer system မှာ ထည့်ရမယ့် စကားလုံးတွေထွင်တဲ့အခါမှာ unicode standard နဲ့ကိုက်ညီမှုရှိမှသာ computer ကလက်ခံပါတယ်။
ဒါကြောင့် ဒီ standard နဲ့ကိုက်ညီမှုရှိတဲ့ စကားလုံးတွေကို မြန်မာပြည်အခေါ်အဝေါ် unicode font လို့ အလွယ်ခေါ်ကြပါတယ်။
myanmar3, ဝင်း, ပိတောက်, ပြည်ထောင်စု... စတဲ့စလုံးကို အလွယ်နည်းအားဖြင့် unicode font လို့ခေါ်တယ်။
ကျတော်ကိုယ်တိုင် unicode ဆိုတာအလုံးလား၊ အပြားလား၊ အမြီးနဲ့လား.. ဆိုတာသေချာမသိဘူး။သိစရာလည်း အဲလောက်လိုမယ်မထင်။
ကျတော့်ကို ခင်ရင် ဆက်မမေးကြနဲ့ဦး။

ဒါကို ပညာရှင်အတော်များများကလည်း ထောက်ပြပြီးနောက်ပိုင်း လက်ရှိအစိုးရက မြန်မာပြည်သားတွေကို  ပြည်ထောင်စု
ကွန်ပျူတာစာလုံး ကို အသုံးပြုဖို့ တိုက်တွန်းထားတယ်။ ပြီးတော့ ဖုန်း operator တွေ၊ အစိုးရရုံးတွေကို ပြည်ထောင်စု စာလုံးသုံးဖို့
အမိန့်ပေးထားတယ်။  

ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေဖြစ်တဲ့ microsoft ကလည်း windows 10 မှာ ပြည်ထောင်စုစာလုံးနဲ့ တူညီတဲ့ မြန်မာစာကို တစ်ခါတည်း ကြိုတင်
ထည့်ပေးထားတယ်။ apple ကလည်း Mac OS တွေမှာ တစ်ခါတည်း ထည့်ပေးထားတယ်။
အရင်က ဖုန်းဝယ်ရင် မြန်မာစာမြင်နိုင်၊ ဖတ်နိုင်ဖို့အရေး ခဲရာခဲဆစ်၊ မနည်းထည့်ခဲ့ရတယ်။
ခုတော့ ထည့်နေစရာမလို၊  တန်းရနေပြီ။
samsung ကလည်း ထိုနည်း၎င်းပဲ။ အခြား ဖုန်းကုမ္ပဏီ အားလုံးကလည်း အဆင်သင့်ထည့်ပေးထားတယ်။

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ ပြည်ထောင်စုပဲထည့်ထည့်၊ ဝင်းအပဲထည့်ထည့်၊ ပိတောက်ပဲထည့်ထည့်
အားလုံးဖတ်လို့ရတယ်။ အားလုံးက စံသတ်မှတ်ချက်ပေါ်မှာ လိုက်နာပြီး ထွင်ထားတာဖြစ်တဲ့အတွက် အားလုံးချိတ်ဆက်ထားတယ်။
ကြိုက်တဲ့စကားလုံးနဲ့ ရိုက်ရှာနိုင်တယ်။

ဒါဟာကျနော် အတိုဆုံးအဖြစ်ရှင်းပြထားတာဖြစ်ပါတယ်။
ကျတော့်လို လူပိန်းမျိုးရှိခဲ့ရင် နားလည်ရ ပိုလွယ်ကူအောင်လို့ပါ။
ဒီထက်ပိုပြီး အကျယ်တဝင့် သိနိုင်ဖို့ ဇော်ဂျီကို ထွင်ခဲ့တဲ့သူ unicode font တွေကို ထွင်ခဲ့သူတွေရဲ့ interview တွေကို youtube မှာရိုက်ရှာလို့ရပါတယ်။

ဒါတောင် ခင်ဗျားက ဇော်ဂျီကိုပဲ မရမက ဆက်လက်အသုံးပြုနေသေးတယ်ဆိုရင် သင်ဟာ သိပ်ကို ခေါင်းမာတဲ့သူဖြစ်သွားပြီ။
အများအတွက်လည်း မတွေးပေးတတ်သူ လို့ မြင်တယ်။
လူအချို့ကျပြန်တော့ မလုပ်တတ်တာလည်း ပါတာပေါ့နော်။
မလုပ်တတ်ရင်လည်း လုပ်တတ်တဲ့သူကို အကူအညီတောင်းရမှာပေါ့။
အကူအညီမတောင်းချင်ရင်လည်း ဆိုင်မှာ တန်ရာတန်ကြေးပေးပြီး လုပ်ခိုင်းသင့်ပါတယ်။

android phone တော်တော်များများက ကိုယ်တိုင်ထည့်လိုက်မိတဲ့  ဇော်ဂျီကို မသုံးချင်တော့ဘူးဆိုရင် ပြန်ဖျက်ပေးပြီးတော့
font setting မှာ default ပြန်ထားလိုက်ရုံနဲ့ မြန်မာစာကို ကောင်းကောင်းဖတ်လို့ ရနေတာပဲ။
android OS ကို Google ကထွင်တာဖြစ်တယ်။
google ကလည်းမြန်မာပြည်သားတွေအတွက်တွေးပေးပြီးတော့ unicode font တွေကို android OS တွေမှာ ကြိုတင်ထည့်ထားပေးပြီး
သား ဖြစ်ပါတယ်။

iphone ကိုင်တဲ့သူလည်း အတူတူပဲ။ IOS 13 နဲ့အထက် unicode font တွေကြိုတင်ထည့်ထားပြီးဖြစ်ပါတယ်။
(ဇော်ဂျီကိုလည်း ထည့်ထားပြီးဖြစ်ပါတယ်။ )
လိုလိုမယ်မယ်အောက်မှာ tutorial အနည်းငယ် ပြပေးပါတယ်။
iphone 6s နဲ့အထက် IOS 13 ထည့်ထားရင် ရပါတယ်။


setting> general > fonts  မှာ ဇော်ဂျီ ရှိနေရင် ဖြုတ်သာဖြုတ်။
setting> general> language & region ကိုသွား
other language မှာ ဘာမှမရှိရင် ရပြီ။ auto unicode font ကောင်းကောင်းပေါ်တယ်။
အဲလိုဖြစ်နေတာတောင် မပေါ်သေးရင် ဒီလိုထပ်လုပ်ပေးပါ။
setting> general> language & region>other languages ကိုနှိပ်
Burmese လို့ ရိုက်ရှာ။
ပြီးရင် Prefer English လို့ပဲ ထားထားပါ။
 

ပြီးတော့ standard မှာပဲ ထပ်ချိန်းပေးပါ။ Zawgyi ကိုသွားမနှိပ်ပါနဲ့။
လိုအပ်ရင် restart လုပ်ကြည့်ပါ။

 

Display အကြောင်း နားလည်စေချင်။

apple ဖုန်းတွေရဲ့ နောက်ဆုံးထုတ်ကုန် ဖြစ်တဲ့ iphone 11 serie တွေမှာ နောက်ဆုံးပေါ်ချင်းအတူတူ စျေးနှုန်းတွေက ဒေါ်လာ ၄၀၀ အထိတောင်ကွာပါတယ်။
ဒေါ်လာ ၄၀၀ တန်ဖုန်းတစ်လုံးဖိုးတောင် ကွာသွားတယ်။
ဘာကြောင့် အဲလောက်တောင် ကွာနိုင်ရတာလဲ။

ကဲ ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ 



 

iphone 11 ဟာ budget တန်းဖြစ်ပါတယ်။ ( iphone 11 ကိုင်သူတွေ စိတ်မဆိုးကြနဲ့နော်)
iphone 11 pro နဲ့
iphone 11 pro max ဟာ အမြင့်တန်း flagship ဖုန်းဖြစ်ပါတယ်။

budget တန်းနဲ့ pro တန်းမှာ ကွာခြားတာက အဓိက နှစ်ခုကလေးပဲ ရှိပါတယ်။
၁။ budget တန်းမှာ ကင်မရာ tele lens (အနုစိတ် မှန်ဘီလူး) မပါဘူး။
၂။ display က အရည်အသွေး resolution နိမ့်နေတဲ့ LCD မှန်ကိုပဲ သုံးထားတယ်။
(ဘောင်တွေကို steel နေရာမှာ aluminium သုံးထားပါသေးတယ်)




ဒီအချက်နှစ်ခုလေးကြောင့် ဒေါ်လာ ၄၀၀ လောက်တောင်ကွာသွားတာ ဖြစ်နိုင်မလား။
tele lens က စျေးမကြီးဘူး။ ဒါဖြင့် display အရည်အသွေးကြောင့်သာ စျေးကဒီလောက်ကွာသွားရခြင်းဖြစ်တယ်။
ဒါကြောင့် display နဲ့ပတ်သက်ရင် နည်းနည်းကလေးဖြစ်ဖြစ် အခြေခံသဘောတရားအကြောင်း အားလုံးကို သိစေချင်တယ်။

ဒီဖက်ခေတ် digital era ခေတ်မှာ display က အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်လာပါတယ်။
display လို့ပြောတဲ့အခါမှာ အသုံးများဆုံးက မိုဘိုင်းဖုန်း screen၊ ကွန်ပျူတာ မော်နီတာ screen၊ TV screen ဆိုပြီး အဓိက သုံးမျိုးကို သွားတွေ့ရပါတယ်။

screen တွေမှာ resolution လို့ခေါ်တဲ့ pixels တွေ တွေပါဝင်မှုနည်းနေရင် ရုပ်ထွက် ညံ့မယ်။
pixels များရင် ရုပ်ထွက် ကြည်လင်ပြတ်သားမယ်။ တစ်လက်မမှာ pixel ဘယ်လောက်ပါသလဲ။ (pixels per inch) = PPI





pixels တစ်ခုမှာ မီးသီး ၃ လုံးမီးလင်းနေတာဖြစ်တယ်။ အနီ၊အပြာအစိမ်း၊ မီးသီးသေးသေးကလေးတွေ ဖြစ်တတယ်။
သေးလွန်းလို့ သာမန် လူ့မျက်စိနဲ့ ကြည့်ရင်တောင် မမြင်ရပါဘူး။ မှန်ဘီလူးနဲ့ အနီးကပ်ကြည့်မှသာ မြင်နိုင်မှာဖြစ်တယ်။

အဲတော့ ဥပမာအားဖြင့် ၄၀ လက်မ TV တစ်လုံးမှာ pixels ဘယ်လောက်ပါသလဲ။
၅.၅ လက်မ လေးသာ ရှိတဲ့ ဖုန်းscreen မှာ pixels ဘယ်လောက်ပါပါသလဲ။

ဒီခေတ်မှာ ၄၀ လက်မ ရှိတဲ့ TV မှာ resolution အနေဖြင့် အလျားလိုက် 1980 pixels ၊ ဒေါင်လိုက် 1080 pixels ပါဝင်ပါတယ်။
ဒါကို ဖော်ပြတဲ့အခါမှာ 1920 x 1080 (Full HD ) လို့ဖော်ပြပါတယ်။

အဲဒီ ၄၀ လက်မ TV ပဲ pixel က အတော်များပြီးတော့ အလျားလိုက် 3840 pixels နဲ့ဒေါင်လိုက် 2160 pixels ပါဝင်ရင်တော့
ဖော်ပြတဲ့အခါမှာ 3840  x 2160 ( Ultra HD ) လို့ရေးပါတယ်။ 4k လို့လဲခေါ်ကြပါတယ်။

ဒါကြောင့် pixel (မီးသီး) တစ်လုံးနေရာမှာ လေးလုံးတပ်ဆင်ထားတာဖြစ်တဲ့တွက် full HD  screen ထက် 4k screen သည် တစ်ဆလောက် ပိုကြည်လင်မှာဖြစ်တယ်။
စျေးနှုန်းလည်း ပိုကြီးမှာဖြစ်တယ်။ ဒီခေတ်မှာ 4k display TV များ အတော်ပေါ်ပြူလာ ဖြစ်သလို နေရာတကာ ဝယ်ယူလို့ရပြီ ဖြစ်တဲအတွက် စျေးသိပ်မကြီးတော့ပါဘူး။
8k  TV ကတော့ သွားမစဉ်းစားပါနဲ့ဦး။ စျေးကွက်ထဲမှာ ရှားသေးတယ်။

ကဲဒါဖြင့် ဖုန်း screen ဖက်ကို ပြန်သွားကြရအောင်။
သင့်လက်ဖဝါးထဲမှာ သင်နေ့စဉ် အချိန်တိုင်း ကြည့်နေတဲ့ screen ကကော pixels ဘယ်လောက်ပါသလဲ။ ဘယ်လောက်ကြည်လင်ပြတ်သားပါသလဲ။
၄၀ လက်မ လောက်ကြီးတဲ့ TV screen ပြားကြီးပေါ်မှာ Full HD တောင်ဖော်ပြနိုင်ရင် လက်ဖဝါးသာသာလေးပဲရှိတဲ့ ဖုန်းပေါ်မှာကော full HD ဖော်ပြပေးနိုင်မလား။
ဟုတ်ကဲ့ ဖော်ပြပေးနိုင်ပါတယ်။ ဒီထက်တောင် ပိုပါသေးတယ်။ Full HD ထက်များတဲ့ 2K , QHD အထိတောင် ဖော်ပြပေးနိုင်ပါတယ်။
ဖုန်းတစ်လုံးမှာ full hd မျက်နှာပြင်နဲ့ဆို အတော်လုံလောက်သလို ဓါတ်ပုံတွေ ကြည့်တဲ့အခါ အထူးသဖြင့် facebook ကပုံတွေကိုလည်း အရောင်အသွေး စိုပြေစွာ၊
မှန်ကန်စွာ ဖော်ပြပေးမှာဖြစ်တယ်။
samsung ဖုန်းတွေမှာ S serie တွေက Flagship ဖုန်းဖြစ်သလို လူကြိုက်အများဆုံးဖြစ်တဲ့အပြင် samsung ဟာ ကမ္ဘာမှာ အရောင်းရဆုံး ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်။
S , S2 , S3, S4........... S10 , S20 ဆိုပြီး ဖုန်းနာမည်နဲ့ထုတ်ထားတဲ့ဖုန်းတွေကို တစ်ချက် လေ့လာရအောင်။

Galaxy S ကို 2010 ခုနှစ်မှာ မိတ်ဆက်တယ်။
screen resolution က 480 x 800

Galaxy S4 ကို 2013 မှာ မိတ်ဆက်တယ်။
screen resolution က 1080 x 1920 ဖြစ်လာပါတယ်။ (Full HD)

Galaxy S6 ကို 2015 မှာ မိတ်ဆက်ပြီးတော့
screen resolution က 1440 x 2560 ဖြစ်လာပါတယ်။ (QHD ) .....woww....
ဒါတောင် ဖုန်း screen က ၅.၁ လက်မ လေးပဲ ရှိပါတယ်။

ယခုလက်ရှိ နောက်ဆုံးပေါ် Galaxy S20 ကလည်း QHD resolution ကိုသုံးထားပါတယ်။
ဖုန်းက ရှည်ရှည်မျောမျောလေးမို့ 1440 x 3200 pixels ဖြစ်ပါတယ်။



ဒါကြောင့် Samsung ဖုန်းတွေက screen သေးသေးလေးဖြစ်ပေမယ့် မီးသီး( pixels) တွေ အများကြီးပါဝင်တပ်ဆင်ထားလို့
ရုပ်ပုံ၊ video တွေကြည့်တဲ့အခါ မှန်ကန်စွာ သဘာဝအတိုင်း ကြည်လင်ပြတ်သားရှင်းလင်းစွာ မြင်ရမှာဖြစ်ပါတယ်။


ဒီလိုပဲ အခြားဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ LG က LG G3 ဖုန်းကို ၂၀၁၄ ခုနစ်ကတည်းက မိတ်ဆက်ထားပြီးတော့ screen ကို QHD အသုံးပြုထားပါတယ်။
ဘာမဟုတ်တဲ့ Oppo ကတောင် Oppo Find 7 ဖုန်းကို ၂၀၁၄ ကတည်းက မိတ်ဆက်ထားပြီး QHD ကို သုံးထားပါသေးတယ်။


ကဲ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ဖုန်းကုမ္ပဏီ ဆရာကြီး Apple ကကော ဘယ်ခုနှစ်ကတည်းက QHD ဖုန်း screen တွေကို ထုတ်လုပ်ပေးထားပါသလဲ။
သူက အားလုံးရဲ့ရှေ့ပြေးဖြစ်သလို ၅ နှစ်လောက် စောတဲ့နည်းပညာတွေကို ဦးဆောင်ပေးနေတာပါ။
iphone လို့ပြောလိုက်တာနဲ့ လူတိုင်း အထင်ကြီးရတဲ့ဖုန်း။

iphone 11 ရဲ့ဖုန်းမျက်နှာပြင်က QHD လား။ no ပါ။
QHD မဟုတ်ရင်တော့ 2K တော့ရှိမှာပေါ့။ no ပါ။
ဒါဆို Full HD လောက်လေးတော့ ရှိမှာပေါ့။ no ပါ။
ဒါဆို HD လေးပေါ့။ Yes.
828 x 1792 pixels လေးပဲ ရှိပါတယ်။

(မှတ်ချက် native HD resolution ဟာ 720 x 1280 ဖြစ်ပါတယ်။ Full HD resolution ဟာ 1080 x 1920 မှစတင်ပါတယ်)

ဒီ pixels (မီးသီး) လေးတွေကို သုံးတဲ့အခါမှာ
Amoled နည်းပညာမသုံးထားဘူး။
Oled နည်းပညာမသုံးဘူး။
LED နည်းပညာမသုံးဘူး။
LCD နည်းပညာပဲ အသုံးပြုထားပါတယ်။
တော်သေးတာတစ်ခုကတော့ Apple ရဲ့ Retina Display နည်းပညာလေးတော့ သုံးထားပါတယ်။
ဒါကြောင့် သာမာန် LCD တွေထက် ပိုကြည်လင်ပြတ်သားပြီး သုံးစွဲသူတွေ လက်ခံရလောက်တဲ့ အနေအထား ရောက်သွားပါတယ်။




အမြင့်ပိုင်း Flagship ဖုန်း iphone 11 Pro ရဲ့ မျက်နှာပြင်ကတော့ Full HD resolution ဖြစ်ပါတယ်။
samsung တို့ LG တို့လို Quad HD မသုံးနိုင်သေးပါဘူး။
Huawei လိုပဲ သစ္စာရှိရှိ Full HD ကို သုံးထားပါတယ်။
iphone 6 Plus ထုတ်လုပ်တဲ့ 2014 မှာစတင်ပြီး Plus series တိုင်းမှာ Full HD resolution ကို ရိုးရိုး LCD နည်းညာနဲ့ထုတ်ထားပါတယ်။
လက်ရှိ 11 pro တွေမှာတော့ Full HD ကို Retina OLED နည်းပညာနဲ့ ထုတ်ပါတယ်။


ဒီ ၇၀၀ ဒေါ်လာတန် iphone 11 က
Xiaomi ဖုန်း ၇၀ ဒေါ်လာတန် ဖုန်းမျက်နှာပြင်အဆင့်သာသာလောက်ပဲ ရှိတဲ့အနေအထားပါ။
ဒါဟာ ဖုန်းလောကမှာ လက်ခံနိုင်ရလောက်တဲ့ အနေအထားမဟုတ်ပါဘူး။
ကပ်စေးနဲလွန်းတဲ့ Apple ရယ်။

အနာဂတ်မှာတော့ Quad HD မျက်နှာပြင်ရယ် camera megapixel ကို 12 မသုံးတော့ပဲ အခြားဖုန်းတွေလို 16 , 48 megapixel လောက်သုံးသင့်ပါတယ်။


ဒီမျက်နှာပြင် မှန်လေးကြောင့်သာ ဖုန်းတစ်လုံးရဲ့တန်ဖိုးဟာ ၄၀၀ လောက်ကွာသွားရခြင်းအကြောင်းဖြစ်ပါတယ်။
ဒီအကြောင်းလေးကြောင့် iphone 11 ကို စိတ်မပျက်ပါနဲ့ သူ့မှာ အားသာချက်အနေနဲ့ ကင်မရာအပို  မြင်ကွင်းကျယ် မှန်ဘီဘူးကောင်းကောင်းလေးပါလာပါတယ်။
ပြီးတော့ video ရိုက်တဲ့အခါမှာ auto အရမ်းငြိမ်ပါတယ်။

ဒီလောက်ဆိုရင် display အကြောင်း အခြေခံ၊ အပါ်ယံ လေးကိုတော့ တီးမိခေါက်မိရှိမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော့်လို လူပြိန်း မျိုး နားလည်သဘောပေါ်ရလွယ်ကူအောင် ရှင်းပြထားတာမို့ လိုအပ်ချက်များစွာ ရှိမယ်။အမှားများစွာရှိမယ်။
ဒါကြောင့် ပိုသိချင်ရင်တော့ ကိုယ်တိုင် အကျယ်တဝင့် လေ့လာတာ ပိုမှန်လိမ့်မယ်။
ဒီအကြောင်းရေးရတာဟာ... ပစ္စည်းတစ်ခုကို ဝယ်ယူသုံးစွဲတဲ့အခါမှာ သေသေချာချာ နားလည်ပြီးမှ ဝယ်သုံးစေချင်တဲ့ စိတ်ရယ်၊
Display အကြောင်း ရှင်းပြတဲ့အခါမှာ iphone 11 serie ဟာ နားလည်သဘောပေါက်ရတာ အလွယ်ဆုံးမို့ ရေးရခြင်းဖြစ်ပါတယ်။

ကဲဒါဖြင့် လက်ရှိသင်ကိုင်နေတဲ့ ဖုန်းက resolution ဘယ်လောက်ရှိပါသလဲ။
ဖုန်း model ကိုသေချာရေးပြီး google မှာ ရှာကြည့်လိုက်ပါ။


display အရေးပါတဲ့အကြောင်းဟာ အောက်က ပုံတွေကို လေ့လာရင် နားလည်မှာပါ။

ကဲဒီမျှဖြင့်
ချစ်ခင်လေးစားလျက်
ပါဘိခ်။

 

Word နှင့် Excel တွင် မြန်မာစာ ပုံသေထားနည်း။

 

microsoft word နှင့် Excel တို့ကို အသုံးပြုတဲ့ခါမှာ မြန်မာစာ ရိုက်ချင်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အကြာင်းတစ်ခုရှိနေပါတယ်။
စာရိုက်တော့မယ်ဆိုရင် သူက နဂိုပေးထားတဲ့ defaut font က Calibri ပဲ ဖြစ်ပါတယ်။

ကျတော် မြန်မာစာရိုက်ရင် '' Pyidaungsu'' ပြည်ထောင်စု ဆိုတဲ့ စာလုံး အရင် သွားသွားပြောင်းပေးနေရပါတယ်။
မြန်မာစာ ရိုက်ဖန်များတဲ့ ကျတော့်အတွက် ဒါဟာ အသေးအမွှားလေးဆိုပေမယ့် စိတ်အနှောင့်အယှက် ဖြစ်ရတာ အမှန်ပဲ ဖြစ်ပါတယ်။


ဒါကို နောက်နောင် ခဏခဏ ပြောင်းစရာမလိုတော့အောင် default font ကိုပုံသေ ''ပြည်ထောင်စု'' စာလုံးအတိုင်း ထားလို့ရပါတယ်။
ပုံသေထားချင်သူများအတွက် အောက်က step လေးတွေကို လိုက်ကြည့်ရင် လုပ်ရတာ အတော်လွယ်ကူပါတယ်။

၁။ microsoft office ကို ဖွင့်ပါ။ ctrl + shift + f ကို တွဲနှိပ်ထားပါ။ font box လေးကျလာပါလိမ့်မယ်။
အဲဒီ box ထဲက font နေရာမှာ pyidaungsu ကို ထားလိုက်ပါ။
ပြီးရင် အရွယ်အစားကိုလည်း တစ်ခါတည်း ရွေးလိုက်ပါ။ ၁၂ မှာထားရင် အနေတော်ပဲ။

ပြီးရင် set as default ကို နှိပ်ပါ။ 

 


 

၂။ set as default ကို နှိပ်ရင် နောက်ထက် Box ထပ်ကျလာမယ်။ အဲမှာ သူကမေးလိမ့်မယ်။
All documents based on nomal template ဆိုတာလေးကို ခြစ်ပေးလိုက်ပါ။ ok နှိပ်ပြီးသွားရင် ပြီးပါပြီ။
နောက်တစ်ခါ ဖွင့်လိုက်တိုင်း စာလုံးပြောင်းစရာ မလိုတော့ဘူး။ မြန်မာစာအော်တို ရိုက်လိုက်ရုံပဲ။

ကဲပြီးတော့ microsoft excel မှာလည်း ပြောင်းပုံလေးက ပိုလွယ်ပါသေးတယ်။
၁။ excel ကို ဖွင့် File > option ကိုသွား။ အဲမှာ option box ကျလာလိမ့်မယ်။
General menu အောက်မှာ use this as default font မှာ '' Pyidaungsu'' ကို ထားပေးပါ။ ပြီးရင် ok နှိပ်ပါ။
ဒါလေးပါပဲ။


အားလုံးကို လေးစားလျက်။
ပါဘိခ်။
 

စျေးအနည်းဆုံးဖြင့် ကွန်ပျူတာဘယ်လောက်မြင့်နိုင်မလဲ။

 

စျေးအနည်းဆုံးဖြင့်  ကွန်ပျူတာဘယ်လောက်မြင့်နိုင်မလဲ။

ကွန်ပျူတာလောကမှာတော့ အဟောင်းတွေ အသစ်တွေ ဆိုတာထက် စွမ်းဆောင်ရည် ဘယ်လောက်ကောင်းလဲ ဆိုတာ အရေးကြီးပါတယ်။
လက်ရှိကျတော်သုံးနေတဲ့ကွန်ပျူတာက ယူရို ၂၂၀ တန်နဲ့ used laptop လေးဝယ်ထားတာကိုပဲ သုံးဖြစ်ပါတယ်။
မကုန်သင့်ပဲ ကုန်မှာကို နှမြောတာရယ်။ အခြားနေရာမှာ ပိုသုံးချင်တာရယ် အဟောင်းလေးနဲ့ပဲ ကျေနပ်နေတာ။

outube video တွေမှာ ယူရိုငွေ ၁၀၀ နဲ့ pc တစ်လုံးရအောင် ဘယ်လိုတပ်ဆင်ကြတယ်ဆိုတဲ့ video တွေကိုလည်း ကြည့်ဖြစ်ပါတယ်။
ပြီးတော့ ဆိုင်တွေမှာ အနိမ့်ဆုံး celeron CPU, Pentium CPU တွေနဲ့ ကွန်ပျူတာတွေဟာ ယူရို ၄၀၀ မှ ၅၀၀ လောက်ပေးနေရတော့ လုံးဝမကိုက်ပါဘူး။
ဒါကြောင့် အဲဒါထက် အလုပ်ပိုလုပ်နိုင်မယ့် pc တစ်လုံးကို ယူရို ၁၀၀ လေးနဲ့ တပ်ဆင်ကြည့်ချင်ပါတယ်။

 CPU ရွေးချယ်ခြင်း။
intel ကုမ္ပဏီထုတ်တဲ့ core i အမျိုးစားထဲက ရွေးချယ်စရာ နှစ်ခု သွားတွေ့ပါတယ်။ CPU က pc တစ်လုံးရဲ့ အသက်ပဲ။
core i3 လား ။ core i5 လား။

Core i3 က core 2 /thread 4
စျေးချိုတယ်။

Core i5 က core 4/thread 4
စျေးကြီးတယ်။

ရွေးချယ်စရာကတော့ low budget ဖြစ်တဲ့အတွက် core i3 ကို ရွေးချယ်တယ်။
core i3 မှာ ရွေးချယ်စရာ ၁၀ မျိုးရှိတယ်။ ဟိုက် များလှချည်လား။
လွယ်ပါတယ်။ core i3 first generation ကနေ 10th generation အထိ ထွက်တာရှိတယ်။
တစ်နှစ်တစ်ခါနှုန်းနီးပါး ထွက်တာပေါ့။
 
 
လက်ရှိ စျေးကွက်ထဲမှာ တွေ့ရများပြီး popular ဖြစ်တာဆိုရင် intel core i3-8300 ( 8th generation ) CPU ဖြစ်ပါတယ်။
စျေးနှုန်းအားဖြင့် ယူရို ၁၂၀ ပတ်ဝန်းကျင်ရှိတယ်။
ကျနော်က core i3-4130 ( 4th generation) ကို ရွေးချယ်ပါတယ်။ ထွက်တာတော့ ကြာလှပါပြီ။  used ကို ယူရို ၂၂ နဲ့ပေးဝယ်ပါတယ်။
အခြားတစ်ယောက်က core ပိုများတဲ့ core i5- 2400 (2nd generation) ကို ယူရို ၂၀ နဲ့ရောင်းပါတယ်။
 

ဒီနေရာမှာ ကျတော် ဘာကြောင့် core-i3 ကို ရွေးချယ်ရလဲဆိုတော့ CPU ပေါ်မှာ built in graphic chip ထည့်ထားပြီးသားဖြစ်တယ်။
CPU မြင့်လေ graphic chip လည်း မြင့်လေဖြစ်တယ်။ core i3-4130 က CPU နိမ့်ပေမယ့် Graphic chip မြင့်ပါတယ်။
သဘောက ရှေ့ကနေလည်း ဆွဲမယ်။ နောက်ကနေလည်း တွန်းပေးမယ်။

core i5-2400 ကကျတော့ CPU တော်တော်အားရှိပေမယ့် သူ့ graphic chip နိမ့်တယ်။
ကျတော်တပ်ဆင်မယ့် PC က အိမ်သုံး၊ ရုံးသုံးအဆင့်လေးဖြစ်တဲ့အတွက် on board graphic chip လေးကိုပဲ အားကိုးမှာ။
graphic card တွေကို ထပ်ဝယ်ပြီး တပ်မှာ မဟုတ်ဘူး။

ဒီနေရာမှာ အငြင်းပွားစရာက ဘာကြောင့် core i5 မရွေးတာလဲပေါ့။
core i5-2400 ရဲ့ on board graphic chip ကနိမ့်လွန်းတာကတစ်ကြောင်း၊ အနာဂတ်မှာ graphic card ဝယ်ထည့်စရာ အကြောင်းမရှိတာကြောင့်ပါ။

CPU ကိစ္စကို သေချာစဉ်းစားပြီးပြီဆိုတော့ motherboard ကိုရွေးချယ်ရတော့မယ်။
motherboard ကိုကျတော့ မဖြစ်မနေ intel socket 1150 ဆိုတဲ့ motherboard တစ်မျိုးကိုပဲ ရွေးချယ်ခွင့်ရှိတယ်။
အဓိပ္ပါယ်က intel CPU 4th generation တွေကိုပဲ လည်ပတ်မောင်းနှင် တပ်ဆင်နိုင်တဲ့ motherboard။
မှားလို့မရဘူး။ မှားသွားရင် power on လို့ရမှာမဟုတ်ဘူး။
MSI ကုမ္ပဏီထုတ် motherboard ကို ရွေးချယ်တယ်။
ပြီးတော့ HDMI port ပါတယ်။ အရေးပေါ်လို့ TV နဲ့ ချိတ်ချင်ရင် တန်းရမယ်။ ပြီးတော့ ခေတ်သစ် monitor တွေမှာ HDMI တွေကိုပဲ တွင်တွင်ကျယ်ကျယ်သုံးကြတာဆိုတော့
ပိုသင့်တော်တယ်။ အားသားချက်က USB 3.0 ၄ ပေါက်ပါတယ်။  ဒီ motherboard ကို ၂၀ နဲ့ဝယ်တယ်။

memory ကိုကျတော့ aliexpress တရုတ် website မှာ မှာတယ်။ 4GB ကို ၁၀ ပေးရတယ်။
hard disk drive တွေက ဒီခေတ်မှာ နှေးလွန်းနေပြီ၊ SSD drive တွေကိုပဲ သုံးချင်တယ်။ 120GB ကို ၁၅ ယူရိုပေးတယ်။
power ကိုကျ 400W ကို ၁၀ နဲ့ရလာခဲ့တယ်။

ဝယ်လာတာတွေ စာရင်းလုပ်ကြည့်ရအောင်။

ဒီနေရာမှာ computer casing ဝယ်ဖို့ လိုနေပါသေးတယ်။
ကျတော်ကတော့ ထည့်မတွက်တော့ပါဘူး။ ၁၅ ယူရိုလောက် ပိုနေပါသေးတယ်။
 windows key ကို တရားဝင် key ဝယ်ဖြစ်ပါတယ်။ ၇ ယူရိုကျပါတယ်။
ပြီးတော့ microsoft office professional plus 2016 key ကိုလည်း ၇ ယူရိုနဲ့ဝယ်ပါတယ်။
(ခါတိုင်းကျတော်က pirate software တွေ သုံးနေကျလေ)

ဝယ်ထားတဲ့ စက်ကိရိယာအားလုံးကို အကြမ်းဖျင်း တပ်ဆင်ပြီးတော့
လိုအပ်တဲ့ software အားလုံးကို ထည့်ပါတယ်။
အလုပ်လုပ်တာ အတော်မြန်ဆန်ပြီး အသုံးပြုရတာ အတော်ချောမွေ့ပါတယ်။
အားလုံးက ready ဖြစ်နေပါပြီ။ ဒီကွန်ပျူတာကို ကန်ပက်လက်မြို့က KTBA ( ကန်ပက်လက်မြို့နယ် နှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့)
ကို လှူဒါန်းပါတယ်။
 

 သူများက လှောင်ရီကောင်း လှောင်ရီပါလိမ့်မယ်။
လေးတဲ့ power ကြီးကိုပဲ နယ်သာလန်မှာ ထားခဲ့ပြီး ကျန်တာတွေ အားလုံး ကန်ပက်လက်ကို အရောက်သယ်သွားပါတယ်။
ကန်ပက်လက် ရှိနှင့်ပြီးသား PC အဟောင်းထဲက pc casing နဲ့ power ကို ပြန်သုံးတယ်။

ဒီ PC က used part တွေနဲ့ ဖွဲ့စည်းထားပေမယ့် မနိမ့်ပါဘူး။
နှစ်တွေအကြာကြီး ကောင်းကေင်းသုံးလို့ရနေမှာပါ။
ပြီးတော့ အရင်က  KTBA မှာသုံးနေတဲ့ တစ်လုံးတည်းသော PC ကလည်း အတော်နိမ့်နေပါတယ်။
ကန်ပက်လက်ရောက်တိုင်း သွားသွားပြင်ပေးနေကျပါ။ ကျတော်မရှိတုန်း ပျက်သွားလို့ ဆိုပြီး မန္တလေး၊ ပခုက္ကူကို ပို့ရင်  ၅သောင်းမှ ၇ သောင်း တောင်းလေ့ရှိကြပါတယ်။
ဒါကြောင့် အဲတာမျိုးမရှိတော့အောင် တခါတည်း အပြီး သေချာတဲ့ Pc ကို ပေးလိုက်တာ။ အမှန်တော့ လှူတယ်ဆိုတဲ့ အသုံးအနှုန်း မသုံးရဲဘူး။

KTBA က ၂၅ နှစ်ပြည့် ယုဘိလပွဲကျင်းပနေတော့ pc ကို တော်တော်နဲ့မဆင်ဖြစ်ဘူး။
ပစ္စည်းတွေကို စာရေး ရဲ့ ခုံပေါ်မှာတင်ထားလိုက်တာ။ ၅ ရက်လောက်ကြာပြီးမှ ပြန်ကြည့်တော့ ကလေးတွေက ဆော့စရာထင်ပြီး ဆော့ကြတာထင်တယ်။
SSD drive ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ပွဲကာလမို့ ကလေးတွေ အဝင်အထွက် အတော်များတာကို ဂရုမစိုက်မိဘူး။

မင်းတပ်မြို့ရောက်တုန်း တဆိုင်ပြီးတဆိုင် ဝင်မေးတယ်။ အဲဒါမျိုး မင်းတပ်မှာ မရောင်းဘူးတဲ့။
ရန်ကုန်ကနေ လာမယ့် ညီလေးကို လှမ်းမှာတော့ SSD drive 256 GB ကို ခုနှစ်သောင်း ကျမယ်တဲ့၊ စျေးများလွန်းတယ် မဝယ်လာပါနဲ့လို့ ပြန်လှမ်းမှာတယ်။


မထူးပါဘူးဆိုပြီး ကျတော့် laptop မှာသုံးနေတဲ့ SSD drive 240 GB ကို format ( အကုန်ဖျက်ချ) ပြီးတော့ ဖြုတ်၊ KTBA PC အတွက် ဆုံးဖြတ်ချက် ခိုင်ခိုင်နဲ့
လှူလက်စနဲ့ ထပ်လှူလိုက်တယ်။ windows ပြန်တင်၊ office ပြန်ထည့်၊ motherboard driver တွေ ပြန်ထည့်နဲ့ အလုပ်တစ်ခါ များသွားရတယ်။
memory ကိုလည်း ဝယ်တုန်းက စျေးချိုလို့ဆိုပြီး 4 GB နှစ်ချောင်းဝယ်ထားတော့ စုစုပေါင်း  8GB စိုက်ထားလိုက်ပါသေးတယ်။

KTBA ရုံးရဲ့ GS ဆီမှာလည်း သေချာရှင်းပြပြီးတော့ ဒါလေးကို ဒီလိုလုပ်ပေးမယ် လက်ခံနိုင်မလား၊ ခွင့်ပြုပေးမလား ဆိုတော့
အရမ်းကျေးဇူးတင်ပါတယ်တဲ့။ ကျတော်တို့က ကွန်ပျူတာအကြောင်း ဘာမှ နားမလည်ဘူးတဲ့။
ကျတော့်ရဲ့ မပြောစလောက် ပညာလေးကို သဲတစ်ပွင့်လေးပမာ ပါဝင်ခွင့်ပေးတဲ့ KTBA ရုံးဝန်ထမ်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

စျေးနှုန်းကတော့ မနှစ်က ၂၀၁၉ ခုနှစ် မတ်လ ပတ်ဝန်းကျင်တုန်းက ဝယ်ယူစုဆောင်းထားထာဖြစ်တယ်။
ဒီချိန်မှာ ဒီထက် ပိုပြီး စျေးချိုသွားနိုင်ပါတယ်။
budget နည်းနည်း ယူရို ၁၀၀ နဲ့  pc ကောင်းတစ်လုံး ဆင်လို့ရတယ်ဆိုတဲ့ message ပေးချင်တာရယ်၊
အလေလွင့်မရှိရလေအောင် ခက်ခဲတဲ့ ရုံးတွေ၊ အသင်းအဖွဲ့တွေကိုလည်း လှူလိုက်တော့ အကျိုးလည်းပိုရှိသွားတာပေါ့ဗျာ။


လေးစားလျက်
ပါဘိခ်။