Saturday, 9 October 2021

ကွန်ပျူတာကို upgrade (အဆင့်မြှင့်) ပြုလုပ်ခြင်း။

 

အလုပ်အားတဲ့ ရက်တွေမှာ ဝါသာနာပါရာ ကွန်ပျူတာတွေကိုပဲ ကလိဖြစ်ပါတယ်။
ဝါသနာက ပိုက်ဆံနည်းနည်းတော့ ရင်းရစမြဲပါ။
ရင်းသလောက် အကျိုးအမြတ်က စိတ်ချမ်းသာမှုနဲ့ ကျေနပ်မှုတွေပါ။
စီးပွားရေး အမြင်က လုံးဝမရှိတော့ ငွေရေးကိစ္စမှာ အကျိုးအမြတ်ဆိုတာ လုံးဝထည့်မတွက်ဖူးပါဘူး။
နောင်လည်း အလားအလာမမြင်။ :)

လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ကွန်ပျူတာ တစ်လုံးကို ယူရို ၂၅ နဲ့ ဝယ်ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်ခါတုန်းက စျေးချိုတယ်ဆိုပြီး ဝယ်လိုက်တာပါ။
ရုံးသုံးကျောင်းသုံး အတွက်ကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Dell optiplex 760 model ပါ။
ဒီခေတ်မှာတော့ အလကား လာပေးကြရင်တောင် ယူမယ့်သူတောင် ခပ်နည်းနည်းရယ်။



ဖုန်အလိမ်းလိမ်းတက်နေတဲ့ PC ကို အရင်ဆုံး ဖုန်စုပ်စက်နဲ့ စုပ်ပါတယ်။ ပြီးမှ alcohol ( electronic spray) နဲ့ ဖျန်းပါတယ်။
တပ်ဆင်ထားခဲ့တဲ့အရာတွေက
CPU: intel Core 2 Duo E7400 (2.8 0Ghz)
Memory: 3 Gb
Hard disk: 160 Gb HDD
 

ဒီလိုပုံစံနဲ့ဆိုရင်တော့ youtube video ကြည့်ရင်တောင် မသိမသာ ထစ်မယ့်အနေအထားပါ။ CPU ကအတော်နိမ့်ပါတယ်။
ဒီကွန်ပျူတာကို ဒီဖက်ခေတ်နဲ့အညီ အဆင်ပြေပြေ သုံးနိုင်အောင် ဘယ်လိုမြင့်တင်လို့ ရမလဲ။
ဒီခေတ်မှာသုံးတဲ့ software တွေက မြင့်လာတာနဲ့အညီ ကွန်ပျူတာထဲက ပစ္စည်းတွေဟာလည်း ခေတ်နဲ့လျော်ညီဖို့ လိုပါတယ်။
သို့သော် ဒီကွန်ပျူတာက ခေတ်အရမ်းနောက်ကျနေပြီဆိုတော့ သူ့ခေတ်သူ့အခါတုန်းက အမြင့်ဆုံး ပစ္စည်းတွေကို တပ်ဆင်ဖို့ နည်းလမ်းပဲ ရှိတော့တယ်။
CPU : intel Core 2 Quad ကို euro 7 နဲ့ဝယ်ယူတပ်ဆင်ထားပါတယ်။

CPU ဆိုတာက ကွန်ပျူတာဦးနှောက်ပါ။ မြင့်လေ အလုပ်ကြီးကြီးမားတွေ တွေးခေါ်၊လုပ်ဆောင်၊ အမိန့်ပေးနိုင်လေ ဖြစ်တယ်။
Core 2 Quad ဆိုတာသူ့ခေတ်သူ့အခါတုန်းက i7 ပုံစံလို အားရှိပါတယ်။
မြင်း နှစ်ကောင်ကနေ မြင်းလေးကောင်အထိ ပြောင်းလဲ တပ်ဆင်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
Quad core CPU ဖြစ်တဲ့အတွက်ကြောင့် ဦးနှောက်တစ်လုံးထဲကို လေးလုံးလိုမျိုး အတုဖန်တီးပြီး အလုပ်လုပ်ခိုင်းထားတာ။

Motherboard ပေါ်မှာ Memory စိုက်ထည့်ဖို့ ပေါက် ၄ ခု ပါပါတယ်။ ၁ ခုချင်းဆီမှာ အများဆုံး  2GB အထိ စိုက်ထည့်ပေးရင်  စုစုပေါင်း 8GB ထိ ရမယ်။
ဒါပေမယ့် အိမ်မှာရှိတဲ့ Memory အပိုက 2GB တစ်ချောင်း၊ 1 Gb တစ်ချောင်းပဲ ရှိတော့ စုစုပေါင်း 6GB အထိ ရသွားတယ်။
 6GB လည်းမနည်းဘူးလေ။ ကွန်ပျူတာဖွင့်တာကနေ ပိတ်သွားတဲ့အချိန်အထိ လုပ်ဆောင်ထားသမျှကို ခဏတာ သိမ်းဆည်းထားဖို့ Memory ကိုသုံးတာ။
ဒီအိမ်က Memory ဆိုတာ သူများမလိုအပ်တော့လို့ ပစ်မယ့် ကွန်ပျူတာထဲက တောင်းပြီး ဖြုတ်သိမ်းထားတာ။
Free ပေါ့ကွာ။ :)  ယူရို ၁၀ လောက်သက်သာလည်း နည်းလားနော်။ :)

CPU နဲ့ Memory ကိစ္စအဆင်ပြေသွားပြီ။ ရုပ်ထွက်အတွက် ထည့်စဉ်းစားရမယ်။
ရုပ်ထွက်ကကျတော့ motherboard ပေါ်က chipset သေးသေးလေးကနေ ရုပ်ထွက်တာ။ အားမရှိဘူး။
ဆိုတော့ ရုပ်ထွက်အတွက် video card (graphic card) ဝယ်ထည့်ဖို့  motherboard ပေါ်မှာ PCi slot ပါလာတယ်။
ဒီဖက်ခေတ်မှာ model အသစ်တွေ ထဲက video card  MSI Nvidia GeForce 210   ဆိုတာလေးကို ယူရို ၂၅ ပေးပြီးဝယ်ထားတာရှိတယ်။
စျေးအပေါဆုံး video card ပါ။ ဒီ card က motherboard ကနေ လျှပ်စစ်ဓါတ်ကို သုံးမှာဖြစ်တဲ့အတွက် ပါဝါ သပ်သပ်စီမလိုဘူး။
ပြီးတော့ နဂိုတည်းက ပါလာတဲ့ ကွန်ပျူတာ တစ်ခုလုံးရဲ့ ပါဝါအားကလည်း နည်းနေတော့ video card ကြီးကြီးမားမားတွေ သုံးခွင့်မရှိဘူး။
ဒီ video card က အသင့်တော်ဆုံး ဖြစ်ပါတယ်။ onlie သုံးခြင်း၊ micosoft office သုံးခြင်း၊ youtube သုံးခြင်းတွေအတွက် အဆင်ပြေ ချောမွေ့စွာ
အသုံးပြုနိုင်ပါတယ်။


ဒီအတိုင်းဆိုရင် ပြည့်စုံလုနီးပါးဖြစ်နေပြီ။ သိုလှောင်မှုပမာဏ ဖြစ်တဲ့ hard drive 160 GB ကို ဖြုတ်ပြီးတော့ သူ့နေရာမှာ ခေတ်ပေါ် SSD drive 120GB ကို ပြောင်းလဲ
တပ်ဆင်လိုက်တယ်။ hard drive ထက် SSD က အလုပ်လုပ်တာ ၁၀ ဆ ပိုမြန်ဆန်ပါတယ်။ အဖွင့်အပိတ်တွေရော ၊ file တွေ ကြည့်တာတွေ၊ ကူးတာတွေက
များစွာ မြန်ဆန်စေပါတယ်။ ဒီကောင့်ကို အဟောင်း euro 15 ပေးပြီး ဝယ်ယူတပ်ဆင်ထားပါတယ်။

CPU: intel Core 2 Quad (2.33Ghz)
Memory: 6 GB
HDD: 120 GD SSD
Graphic: Nvidia GeForce 210

အားလုံးပြီးတာနဲ့ windows 10 ကို ထည့်ပါတယ်။ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ပါတယ်။
video editing တွေလုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ပုံမှန်သုံးနေကျအတွက်တော့ အကုန်အကျနည်းတဲ့အတွက် တွက်ခြေကိုက်ပါတယ်။
ယူရို ၇၀ လောက်ကုန်ကျတဲ့ computer ဆိုပေမယ့် လက်ရှိဆိုင်မှာရောင်းနေကြတဲ့ ယူရို ၃၀၀ တန် celeron CPU တွေထက် ပိုပြီး နှစ်သက်စရာကောင်းပါတယ်။
ကွန်ပျူတာ upgrade လုပ်တယ်ဆိုတာ ဒါပါပဲ ခင်ဗျာ။
တလောကလုံး ဒီလိုပုံစံပါပဲ။ အထဲက ကလီစာတွေ လှဲလှယ်၊ သန့်ရှင့်ရေးလုပ်၊ windows reinstall ပြန်လုပ်။ ဒါလေးပါပဲ။
ကျတော့်ရဲ့ target က အနည်းဆုံးပိုက်ဆံနဲ့ အမြင့်ဆုံး PC တစ်လုံး ရရှိနိုင်ဖို့ပါ။ ပိုက်ဆံများများရှိနေရင်တော့ ဒါတွေ ထည့်တွက်စရာတော့ မလိုဘူးလေ။
မလိုအပ်ဘဲနဲ့ computer အပိုပစ္စည်းလေးတွေ ဝယ်ယူစုဆောင်းတော့ ပိုက်ဆံ မလိုအပ်ဘဲ ကုန်ပါတယ်။
ဒါပေမယ့် အတော် ကျေနပ်ပီတိဖြစ်ပါတယ်။ အကြောင်းက PC တစ်ခုတည်းကိုပဲ upgrade လုပ်တာမဟုတ်ပါဘူး။
ကိုယ်ဝါသနာပါတဲ့အရာ talent အပေါ်မှာ မိမိကိုယ်မိမိ upgrade လုပ်ခြင်းလည်း ဖြစ်ပါတယ်။

ခင်မင်လေးစားလျက်။
ပါဘိခ်။
 

iphone ထဲကို သီချင်း ထည့်နည်း။

 


android ဖုန်းအသုံးပြုသူတွေအတွက် ဖုန်းပေါ်မှာ သီချင်းထည့်နည်းက လွယ်ကူသလောက် iphone အသုံးပြုသူတွေအတွက်တော့
အတော်ခက်ပါတယ်။ apple က သီချင်းနားထောင်ချင်ရင် ဝယ်ထည့်တဲ့နည်းလမ်းပဲ ပေးသုံးထားပါတယ်။

iphone အသုံးပြုသူ ၁၀၀ မှာ ၁ ယောက်လောက်ကပဲ computer ကနေ iphone ပေါ်ကို နည်းစနစ်ကျကျ manually ထည့်တတ်ပါတယ်။
ကျတော်ကတော့ itunes software မသုံးဘဲ 3utools သို့မဟုတ် itools ဆိုတဲ့ third party software တွေကိုပဲ တစိုက်မတ်မတ် သုံးထားပါတယ်။

iphone သုံးသူတွေဆီက မေးဖန်များဆုံး မေးခွန်းက ဖုန်းထဲကို သီချင်း ဘယ်လို ထည့်ရမလဲ ဆိုတာပါပဲ။ (အင်တာနက်မရှိတဲ့နေရာမှာ သီချင်းနားထောင်ရန်)
computer မလိုဘဲ သီချင်းထည့်နည်းကို အောက်ကပုံတွေကို သေချာ လေ့လာရင် ချက်ချင်းလုပ်တတ်သွားပါလိမ့်မယ်။
 
၁။ app store မှာ Bolt browser and document app ကို download ဆွဲပါ။ 
၂။ app ကို ဖွင့်ပြီးတော့ youtube ကို တန်းဖွင့်လိုက်ပါ။

 

၃။ လိုချင်တဲ့သီချင်းကို ရှာပြီးလျှင် Download တန်းနှိပ်လိုက်ပါ။
(သီချင်း Video ဖိုင် ကို download ဆွဲခြင်းဖြစ်သည်။)

 
 
၄။ app ရဲ့ အောက်ဆုံးက folder ဆိုတဲ့ tab ထဲမှာ ခုနက  download ဆွဲထားတဲ့ music video ရှိနေပါလိမ့်မယ်။
အဲဒီ video ရဲ့ဘေးနားမှာ bolt icon လေးနှိပ်လိုက်ပါ။


၅။ အဲဒီ bolt icon နှိပ်ရင် music video ကို music အဖြစ်ပြောင်းဖို့  convert to Audio option ရလာပါလိမ့်မယ်။ အဲဒါကို နှိပ်ပါ။
 

 
၆။ Audio  file ရလာပြီးရင်တော့ နဂို original file ဖြစ်တဲ့ music video ကို ပြန်လည်ဖျက်သိမ်း delete လုပ်လိုက်ပါ။
(ဘယ်ညာရွေ့ခြင်းဖြင်း DELETE OPTION ရလာမည်။)
 

 
ဒီလိုနည်းနဲ့ သီချင်းအများကြီး download ဆွဲလို့ရပြီ။ လိုချင်သူတွေအတွက် video ပါရတာ။
ဒါပေမယ့် ဖုန်းပေါ်မှာ video ကြည့်ရင် battery အရမ်းစားမှာ ဖြစ်သလို၊ storage နေရာလည်း များများ စားပါတယ်။
ဒါကြောင့် ဖုန်းပေါ်မှာ video ကို အားမပေးတာ။

သီချင်းနားထောင်ချင်ရင် ဒီ folder ကိုပဲ လာပြီး နားထောင်ရမျာဖြစ်တယ်။
နားကြပ် earphone နဲ့လည်းရတယ်။ earphone remote control နဲ့လည်း ကောင်းကောင်း အလုပ်လုပ်တယ်။
lock screenပေါ်မှာလည်း ပုံမှန် ရတယ်။

 
လေးစားလျက်။
ပါဘိခ်။
 

Saturday, 27 March 2021

Windows နဲ့ Microsoft office activation

windows 10 နဲ့ office 2016 ကို Activate လုပ်ဖို့ ဒီ software တွေကို သုံးလို့ရပါတယ်။

တရားမဝင်နည်းလမ်းပါ။ 

တရားဝင်သုံးချင်ရင် စျေးအသက်သာဆုံး နည်းလမ်းအဖြစ် alieexpress မှာ ၃ ယူရို ပတ်ဝန်းကျင်နဲ့ ဝယ်သုံးလို့ ရပါတယ်။

ပုံမှန် တရားဝင်နည်းလမ်းကတော့ key ကို ၆၀ ကနေ ၁၀၀ ယူရို အကြား  ပေးဝယ်ရတယ်။

သေချာလေ့လာပြီးမှ သုံးပါ။

၅ မိနစ် လေ့လာရင်ကို လုံလောက်ပါတယ်။ မသိရင်လည်း ကျတော့်ကို မေးပါ။

 links ဒီမှာ နှိပ် 

 


Saturday, 24 October 2020

Raspberry Pi 4

2012 ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံအခြစိုက် foundation တစ်ခုက
Raspberry Pi ဆိုတဲ့ ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။
ဒီကွန်ပျူတာက ကမ္ဘာ့အသေးဆုံး ကွန်ပျူတာ ဖြစ်ပါတယ်။
သူ့မှာ အလုပ်လုပ်တဲ့ operating system ကိုလည်း Raspberry Pi လို့ပဲ ခေါ်ပါတယ်။

 သူက ၂၅ ဒေါ်လာလောက်ပဲ ပေးရတယ်။ နောက်ဆုံးပေါ် model တွေမှာ ၃၅ ပေးရပါတယ်။
သူ့ကို ထုတ်လုပ်တဲ့ရည်ရွယ်ချက်က ကျောင်းတွေမှာ ကွန်ပျူတာပညာကို သင်ယူနေတဲ့ကလေးတွေအတွက်
ရည်ရွယ်ပါတယ်။  အထူးသဖြင့် coding ၊ programming  အတွက်ပေါ့။
ကျောင်းက robot project တွေမှာလည်း ဒီ စက်ကလေးတွေနဲ့ ရေးကြတာများပါတယ်။
သာမန်ကွန်ပျူတာ တစ်ခုလို နေ့စဓူဝ ကောင်းကောင်းသုံးလို့လည်း ရပါတယ်။
 

 
OS က linux base opensource ဖြစ်တဲ့အတွက် နည်းပညာသမားတွေအကြား ကောင်းကောင်းကလိစရာ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
Linux တွေကို သေချာသုံးတတ်ကြလို့ပဲ လကမ္ဘာပေါ်အထိ ဒီနေ့ခေတ်မှာ လွယ်ကူစွာ တက်နိုင်နေတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အထိ ပစ္စည်းအလုံးရေ သိန်းပေါင်း ၃၀၀ အထိ ရောင်းထုတ်နိုင်ခဲ့ပါတယ်။




သူ့ရဲ့ Hardware နဲ့ software အပိုင်း တွေကို နှစ်ကြာလာတာနဲ့အမျှ ပြုပြင်မွမ်းမံမှု၊ အဆင့်မြင့်တင်မှုတွေ များစွာ ပြုလုပ်လေ့ရှိကြပါတယ်။
အခုနောက်ဆုံးပေါ် model ဆိုရင် Raspberry Pi 4 လို့ နာမည်ပေးထားပါတယ်။
အလုပ်လုပ်နိုင်စွမ်းလည်း မတရားမြင့်လာပါတယ်။
4k resolution ကိုလည်း မျက်နှာပြင်နှစ်ခုမှာ ပြသပေးနိုင်ပါတယ်။
 

 
ဒီ Pi 4 OS မှာ ကျတော့်ကို ဆွဲဆောင်မှုပေးတာ တစ်ခုပါလာပါတယ်။
သူ့ရဲ့ Default desktop background မှာ အသုံးပြုသွားတာက မြန်မာပြည်ရဲ့ ပုဂံဓါတ်ပုံကို သုံးလိုက်တာပါ။
ဒါဟာ အလွန်အင်မတန် ထူးခြားတယ်လို့ မြင်ပါတယ်။

OS တစ်ခုရဲ့ theme မှာ Default ကလွန်စွာအရေးပါပါတယ်။ သူ့ရဲ့ပြယုဒ်လည်း ဖြစ်ပါတယ်။
Default ပုံကိုမြင်တာနဲ့ ဘယ် OS လဲ၊ ဘယ်လို အနေအထားလဲဆိုတာ လူတိုင်း ခန့်မှန်းလို့ရပါတယ်။
ဒီ Pi 4 ကိုတီထွင်တဲ့သူတွေက မြန်မာပြည်ရဲ့ ပုဂံ ကို ဘာကြောင့်သုံးတာလဲ ဆိုတာ ပဟေဠိ တစ်ခုပဲ ဖြစ်နေမှာပါ။
 

ဒီပုံကို မကြိုက်ရင် အခြားပုံတွေ ပြောင်းစရာ ၁၅ ခုလောက် အပို ပါလာပါသေးတယ်။
အဲဒီပုံတွေထဲမှာ နောက်ထပ် ပုဂံ ပုံတစ်ခု ထပ်ပါလာပြန်ပါသေးတယ်။
ဒါကြောင့် ပိုလို့တောင် အံ့ဩရပါတယ်။

ဒီ article ကို ရေးရတဲ့အကြောင်းက ဒီပုံတွေ ပါလာတယ် ဆိုတာလေးကို ပြောပြချင်ယုံပါ။
ဒီ Raspberry Pi တွေကို စိတ်ဝင်စားသလားလို့မေးရင် ကျတော် စိတ်မဝင်စားပါဘူး။
အသုံးများဆုံး၊ အလွယ်ကူဆုံး windows OS ကိုတောင် မနည်း ယက်ကန်ယက်ကန် သုံးနေရတာဆိုတော့လည်း
ရိုးသားစွာ ဝန်ခံရရင် ဒီ Raspberry Pi တွေကို အသုံးပြုမယ့်နေရာ မသိဘူး။


ဤမျှဖြင့်
ပါဘိခ်။


 

Thursday, 22 October 2020

ဖုန်းအကြောင်းအထွေထွေ။ 2020

 ဒီခေတ်မှာ ဖုန်းတွေက နေရာအားလုံးကို ယူလိုက်ပြီ ဖြစ်ပါတယ်။
ဘဏ်ကိစ္စ၊ အလုပ်ကိစ္စတွေ အားလုံးက ဖုန်းတစ်လုံးလေးနဲ့ပဲ အလုပ်ဖြစ်နေပါပြီ။
ရုပ်ရှင်ကြည့်တာတောင် ဖုန်းပေါ်မှာ။
စာရေးတာတောင် computer ကီးဘုတ်  မသုံးတတ်တဲ့သူ ဒုနဲ့ဒေးလေ။
ကျတော်တစ်ယောက်ထဲပဲ ထင်ပါတယ်၊ ခုချိန်ထိ ကွန်ပျူတာကိုပဲ စွဲစွဲမြဲမြဲ သုံးတာ။


ဒီလိုဆိုတော့ ဖုန်းဝယ်တဲ့အခါမှာ မှန်ကန်စွာ ရွေးချယ်တတ်ဖို့ အတော်အရေးကြီးပါတယ်။
သူ့ဖုန်းက ဘာမဆို ရတယ်၊ အဆင်ပြေတယ်၊
သူ့ဖုန်းကျတော့ ကင်မရာ အရမ်းကောင်းတယ် စသဖြင့် ပြောဆိုနေတတ်ကြပါတယ်။

တချို့ဖုန်းတွေက မတရား စျေးကြီးတတ်ပေမယ့် ကိုင်ရတာ အဆင်မပြေသလို၊ ကင်မရာလည်း လုံးဝမကောင်းတတ်ပါဘူး။
ကျတော်က ဖုန်းနဲ့ ပတ်သက်ရင် price to perfomance ကိုပဲ အဓိက ကြည့်တာမို့
midrange တန်းလို့ခေါ်တဲ့ အလယ်အလတ်တန်းစားတွေကို ကြည့်ပါတယ်။

ကမ္ဘာအရပ်ရပ်က ဖုန်းအကြာင်းတွေကို လေ့လာသူတွေ တညီတညွတ်တည်း ထောက်ခံတဲ့အရာကတော့ Xiaomi ဖုန်းတွေဟာ အတန်ဆုံးဖြစ်ပါလိမ့်မယ်။
ပေးရတာနည်းသလောက် ပြန်ရတာ များတာပေါ့။  ကျပ်ငွေ ၃ သိန်းနှင့်အောက် တန်ဖိုးရှိတဲ့ ဖုန်းဝယ်မယ်ဆိုရင် Xiaomi ဖုန်းတွေက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
နယ်သာလန်မှာ Xiaomi store ကိုလည်း rotterdam မြို့မှာ  ပြီးခဲ့တဲ့လကနေ စဖွင့်နေပြီဆိုတော့ ကျတော် ကြိတ်ပြီး အတော်ပျော်သွားတယ်။


ဥရောပမှာ နေတဲ့လူငယ်အများစုကတော့ Xiaomi ကို မသိကြသလို ကိုင်ရမှာ စိတ်အားငယ်နေတတ်ကြပြန်ပါတယ်။
ယူရို ၂၅၀ လောက်နဲ့ ဖုန်းကောင်းတာကိုင်ချင်ရင် samsung A51 ကို ပြေးမြင်ကြပါလိမ့်မယ်။
ဒါပေယ့် Xiaomi ဖုန်းဆိုရင်တော့ Mi 10T lite 5G လို Flagship နီးပါးဖုန်းကို ကိုင်နိုင်ပါတယ်။


ကျတော်ပြောချင်တဲ့အဓိက အကြောင်းအရာက Xiaomi တော့မဟုတ်ပါဘူး။
ဖုန်းတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ မှန်ကြီးကြီးတွေကို ဘယ်လိုမှ သဘောမတွေ့ပါဘူး။
လက်တစ်ဖက်နဲ့ ကိုင်ရတာ အဆင်မပြေလို့ပါ။
စျေးလည်း မကြီးရဘူး။
နောက်ဆုံးပေါ်လည်း ဖြစ်ရမယ်။
မျက်နှာပြင်လည်း သေးရမယ်။ (၅.၈၁ လက်မ)
android OS version အသစ်ထွက်တိုင်း ၄ နှစ်လောက် အာမခံချက်ရှိရမယ်။
ကင်မရာလည်း အကောင်းဆုံး အစားထဲက ဖြစ်ရမယ်။
ဒီလိုမျိုး အရည်အချင်း နဲ့ပြည့်စုံတာဆိုရင် Google ကုမ္ပဏီထုတ် pixel 4a ဆိုတဲ့ ဖုန်းကိုပဲ မြေးမြင်ပါတယ်။
သူက ဒေါ်လာ ၃၅၀ နဲ့ပဲ ရောင်းပါတယ်။
iphone SE ကို ဒေါ်လာ ၄၀၀ နဲ့ရောင်းတယ်။
မကြာဘူး oneplus  Nord ကိုလည်း ဒေါ်လာ ၄၀၀ နဲ့ ရောင်းပြန်တယ်။
ဒီတော့ နောက်ကျပြီး ထွက်လာတဲ့ pixel 4a က ၄၀၀ နဲ့ရောင်းဖို့ စဉ်းစားနေခဲ့ပေမယ့် သူ့ရဲ့ပြိုင်ဖက် ၂ ခုထက် ဝယ်လိုအား ပိုကောင်းအောင်
အင်တင်တင်နဲ့ ၃၅၀ နဲ့ ရောင်းလိုက်ရတာ။

ဒီတော့ pixel 4a ကိုမျှော်နေတဲ့ ကျတော်တို့အတွက်တော့ အလွန်အင်မတန်သတင်းကောင်းပေါ့။
android one UI ဖြစ်တာနဲ့အညီ pure android ဖြစ်တယ်။ ကြော်ညာတွေ၊ adware၊ blootware၊ အပိုတွေ ဘာမှ ပါလာမှာမဟုတ်ဘူး။
သန့်သန့်ပြန့်ပြန့် ဆိုပါတော့။

ဒါပေမယ့် နယ်သာလန် google store မှာမရောင်ဘူး။
ဂျာမနီ google store မှာတော့ ရောင်းတယ်။ ယူရို ၃၄၀ ပဲကျမယ်။ online store ပဲဆိုတော့ နယ်သာလန်ကို မပို့ပေးဘူး။

ဒါနဲ့ နယ်သာလန်က retail ဆိုင်တွေမှာ ၄၂၀ ယူရိုနဲ့ တင်ရောင်းကြတာတွေ့တယ်။
အဲလောက် စျေးကြီးပေးဝယ်ရရင်တော့ သိပ်မဟုတ်တော့ဘူး။

ယူရို ၃၄၀ နဲ့ ဝယ်ချင်ရင်တော့ နည်းလမ်းရှိတယ်။ ဂျာမနီက retail ဆိုင်တစ်ခုခုဖြစ်တဲ့ mediamarkt ဆိုင်ရှိတဲ့ မြို့ကို ၁ နာရီလောက် ကားမောင်းသွား။
အဲဆိုင်မှာ ဝယ်မယ်ဆိုရင်တော့ ရမယ်။
ဒါမှမဟုတ်ရင်လည်း နယ်သာလန်နဲ့ hongkong နဲ့ ချိတ်ဆက်ထားတဲ့ online website ဖြစ်တဲ့ https://www.eglobalcentralnl.com/ မှာဝယ်လို့
ရမယ့် နည်းလမ်းရှိပါတယ်။

ဤမျှဖြင့်
ပါဘိခ်။


Wednesday, 14 October 2020

iphone 12 series အ‌ကြောင်း၊

မနေ့က iphone 12 series တွေကို ကြေညာပြီးတော့ မကြာခင် ဆိုင်တန်းပေါ် ရောက်လာတော့မှာပါ။
သတင်းတွေမှာလည်း ပလူပျံအောင် ဖော်ပြပြီးသွားကြပြီဆိုတော့ အားလုံးသိပြီးသားလည်း ဖြစ်မှာပါ။
ဖုန်းအသစ်ကြေညာတိုင်း ဝယ်ချင်စိတ်ပေါက်တာ apple iphone တွေရဲ့သဘာဝပါ။

စျေးကလည်း မိုးပေါ်မှာ။ 

 

 


မတူညီတဲ့ ရှုထောင့်ကနေ review အနည်းငယ် ရေးပါရစေ။

iphone 11 အထိ ထွက်သမျှ iphone တိုင်းမှာ
၁။ နားကြပ်၊ (earphone )
၂။ အားသွင်းခေါင်း၊ (power adapter)
၃။ USB ကြိုး
ပုံမှန်ပါဝင်လေ့ရှိတယ်။

သူတို့တွေ ပျက်သွားခဲ့သော် apple မူရင်း ပစ္စည်းတွေဝယ်ချင်ရင် ဝယ်လို့ရပါတယ်။
နားကြပ် ၃၀ ယူရို၊
အားသွင်းခေါင်း ၃၅ ယူရို
USB ကြိုး ၂၅ ယူရို
အသီးသီး ရှိကြပါတယ်။

ဆိုလိုတဲ့သဘောက ဖုန်းတလုံးဝယ်တိုင်း စုစုပေါင်း ၉၀ ယူရိုဖိုး တိုလီမိုလီ အလကားရသလို ဖြစ်နေပါတယ်။

 
အခုတော့ apple က iphone 12 serie မှာ USB ကြိုးတစ်မျိုးကိုသာ ထည့်သွင်းပေးပါတော့တယ်။
ကျတော်အမြဲပြောတယ်။ apple ကအလွန်အင်မတန်မှ ကပ်စေးနဲပါတယ်။
သူတို့ဖက်ကတော့ ပတ်ဝန်းကျင်ကို ထိန်သိမ်းတဲ့ အနေနဲ့ ဆိုပြီး စကားရှည်ကြီးနဲ့ အချိုသတ်လိုက်ပါတယ်။
ယုံချင်စရာကောင်းပါတယ်။
သို့သော်လည်း နားကြပ်နဲ့ power adapter ကို ဖြုတ်ချလိုက်တော့ စျေးနှုန်း စုစုပါင်း ၆၅ ယူရိုသက်သာမသွားပြန်ပါဘူး။
စျေးနှုန်းကို လေ့လာကြည့်ရင် မနှစ်ကထွက်သလိုပဲ အတူတူပဲ ဖြစ်ပါတယ်။

ဒီထက်ပိုဆိုးတာ ရှိသေးတယ်။
ခုနောက်ပိုင်း iphone 11 , iphone XR တွေ ဝယ်မယ်ဆိုရင်လည်း ဗူးလည်းမှာ ဒီပစ္စည်းနှစ်ခုကို ထည့်ပေးတော့မှာ မဟုတ်ပါဘူး။
တဖက်မှာ ၆၅ ဖိုး apple က   စားသွားတဲ့အပြင် သီချင်းနားထောင်ဖို့နဲ့ အားသွင်းဖို့ အပိုပစ္စည်းကို  ထပ်ပေးပြီး ဝယ်ရမှာဖြစ်တယ်။
အဲတော့ စားသုံးသူဖက်က ကြည့်ရင် ခါတိုင်းထက် ၁၀၀ ယူရိုလောက်ကို နစ်နာနေပါတယ်။
ခုချိန် apple က earpods နဲ့ 18w power adaptor ကို ယူရို ၁၀ စီ နုတ်ပြီး ရောင်းနေပြန်ပါတယ်။


ပြင်သစ်နိုင်ငံကတော့ ဖုန်းနဲ့ပတ်သက်ပြီး ဥပဒေတစ်ခုရှိပါတယ်။ ဖုန်းရောင်းရင် ဗူးထဲမှာ နားကြပ်ထည့်ကို ထည့်ပေးရမယ်ဆိုတဲ့ စည်းကမ်းပေါ့။
ဒီတော့ ပြစ်သစ်မှာ iphone ဝယ်ရင် နားကြပ်ပါလာမှာ ဖြစ်ပါတယ်။
ပြင်သစ်မှာ ဒီဥပဒေကို ထုတ်တဲ့ အဓိက အကြောင်းရင်းက နားနဲ့ဖုန်းကို ကပ်ပြီးစကားပြောရင် radioelectric ရေဒီယိုသတ္တုလှိုင်းက လူ့ဦးနှောက်ကို ထိခိုက်စေတယ်
ဆိုပြီး ယုံကြည်ကြလို့ အစိုးရက ဒီလိုမျိုးဥပဒေကို ထုတ်ပေးရခြင်းဖြစ်ပါတယ်။ ဉာဏ်များတဲ့ apple က ဘယ်လို ရှောင်ဦးမလဲ မသိဘူး။


apple ရဲ့ မြှားဦးကတော့ iphone ဝယ်ကိုင်တဲ့သူတွေ ရိုးရိုး နားကြပ်ကို မသုံးပဲ ကြိုးမဲ့နားကြပ်တွေကို ဝယ်သုံးစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်မှာပါ။
ကြိုးမဲ့နားကြပ်တွေက စျေးနှုန်း ၁၃၀ ယူရိုကနေ ၂၃၀ ယူရိုကြားမှာ ရှိနေပါတယ်။



ကဲ ဒါဖြင့် ကျတော်တို့တွေဟာလည်း apple ရဲ့သားကောင်တွေ ဖြစ်နေပြီလား။
2,000,000,000,000 ( two trillion )  ဒေါ်လာ ကုဋေနှစ်သိန်း တန်တဲ့ ကုမ္ပဏီဖြစ်လာအောင် ကျတော့လို ငမွဲကလည်း apple မှ apple ဖြစ်နေလေတော့လည်း။


ဤမျှဖြင့်
ပါဘိခ် ကိုချင်းလေး Lautu

 

Monday, 25 May 2020

အမြန်အားသွင်းစနစ် ပါရဲ့လား။

 

flagship ဆိုတာ အရင်တုန်းက စစ်တိုက်ကြရင် အလံတင်သင်္ဘောဆိုတာ ရှိပါတယ်။
အဲဒီ အလံတင်သင်္ဘောပေါ်မှာ စစ်သူကြီးတွေ၊ အရေးပါတဲ့ မြေပုံတွေ၊ စာရွက်စာတမ်းတွေ ထားကြဟန်တူပါတယ်။
အဲဒီသင်္ဘောဟာသူတို့အတွက် အရေးပါဆုံးဖြစ်သလို ကျဆုံးလို့လည်း မဖြစ်ပါဘူး။

အဲဒီစကားလုံးကို ကိုးကားပြီးတော့clagship ဖုန်းလို့ ခေါ်ကြပါတယ်။
သူတို့ကုမ္ပဏီရဲ့ တန်ဖိုးလည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာလည်းဖြစ်ပါတယ်။
အဲတော့ ဖုန်းထုတ်လုပ်တဲ့အခါမှာ အတန်းအစား ၃ မျိုးမြင်ရမှာဖြစ်ပါတယ်။
flagship ခေါ်တဲ့ အမြင့်ဆုံး။
mid range လို့ခေါ်တဲ့ အလယ်အလတ်တန်း
budget (entry level) လို့ခေါ်တဲ့ အနိမ့်ဆုံးတန်း ဆိုပြီး သုံးမျိုးခွဲခြားပါတယ်။


flagship လို့ပြောလုက်တာနဲ့ ရေစိုခံ၊ ကြိုးမဲ့အားသွင်းစနစ်၊ Oled မျက်နှာပြင်မှန်၊ camera အကောင်းဆုံး၊ အမြန်အားသွင်းစနစ်၊ steel body၊ နောက်ဆုံးပေါ် chipset၊
စသဖြင့် အကောင်းတကာ့ကောင်းဆုံးကို အသုံးပြုထားမှာဖြစ်တယ်။
စျေးနှုန်းအားဖြင့် ၈၀၀ နဲ့ ၁၀၀၀ ပတ်ဝန်းကျင်မှာ ရှိပါလိမ့်မယ်။

ဒီနေရာမှာ အမြန်အားသွင်းစနစ်ကို ရှင်းပြချင်ပါတယ်။
iphone ဝယ်ရင် အားသွင်းဖို့ plug ခေါင်းက 5W charger ပါဝင်ပါတယ်။
အဲဒီ အားသွင်းတဲ့ 5W charger ခေါင်းက မိနစ် ၃၀ အတွင်း အားသွင်းရင် ဘက်ထရီ ၁၉% အားပြည့်ပါလိမ့်မယ်။

အပြင်ဆိုင်မှာ fast charger plug ခေါင်းဝယ်ပြီးတော့ အားသွင်းရင် မိနစ် ၃၀ အတွင်း ၅၀% အားပြည့်ပါတယ်။
ဘက်ထရီအကောင်းစားဖြစ်သလို chip ကလည်း အကောင်းစားဖြစ်တဲ့အတွက် .... fast charging support ဖုန်းလို့ခေါ်ပါတယ်။
fast charger ဟာ 12W, 18W, 30W စသဖြင့်ရှိပါတယ်။
 
 
ယူရို ၁၀၀၀ ကျော်ပေးဝယ်ရတဲ့ iphone က  18W charger လေးကိုတောင် ဘာကြောင့် မထည့်ပေးတာလဲ။
apple သည် အလွန်ကပ်စေးနည်းလွန်းတဲ့ ကုမ္ပဏီ ဖြစ်လို့ပါ။ နောက်ဆိုရင် နားကြပ်လည်း ပါလာတော့မှာမဟုတ်ဘူး။
သုံးချင်ရင် သပ်သပ်ပြန်ဝယ်ရတောါမယ်တဲ့။

ဒီခေတ်မှာ အခြားဖုန်း ကုမ္ပဏီတွေက ၂၀၀ တန်ဖုန်းဝယ်ရင်တောင် 18W charger တောင်ထည့်ပေးနေပါပြီ။
midrange တန်းဖုန်းတွေက စျေးချိုသလောက် flagship  level နီးပါးကောင်းနေကြပါပြီ။

ကျတော်ဖုန်းအကြောင်းကို အသုံးပြုသူဖက်က လေ့လာမိသလောက် စျေးကြီးပေးဝယ်ဖို့မတန်တဲ့ဖုန်းတွေလည်းအများကြီးရှိပါတယ်။
တချို့ကျတော့ စျေးချိုသလောက် အရမ်းတန်တဲ့ဖုန်းမျိုးလည်းရှိပြန်ပါတယ်။

Google ထုတ်တဲ့ pixel 3a ဖုန်းက midrange တန်းဖြစ်ပါတယ်။ ဒေါ်လာ ၄၀၀ တန်ပါ။ ကင်မရာက flagship ကင်မရာသုံးထားပါတယ်။
ဒီဖုန်းက နည်းပညာသမားတွေကြား ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ဖုန်းပါ။
 

မကြာခင် pixel 4a ထွက်တော့မှာ ဖြစ်တဲ့အတွက် 3a ကို ခုချိန် US မှာ ၄၀၀ တန်မဟုတ်တော့ပဲ ၂၈၀ ဒေါ်လာအထိ စျေးချရောင်းနေပြီဖြစ်တယ်။
၂၈၀ နဲ့ရရင် ဝယ်သင့်တဲ့ဖုန်းဖြစ်ပါတယ်။ Germany မှာတော့ euro ၄၀၀ နဲ့ဆက်ရောင်းတုန်းပဲ။

နယ်သာလန် google store မှာတော့ pixel ဖုန်းတွေတင်မရောင်းပါဘူး။
ကျတော်တို့က လိုချင်ရင် retail ဆိုင်တွေမှာပဲ ရနိုင်မှာဖြစ်ပါတယ်။
pixel 4a ထွက်လာပြီဆိုရင် ရောင်းနေကျ ၄၀၀ နဲ့မရောင်းဘဲ ၃၅၀ နဲ့ ရောင်းမယ်ဆိုပြီးသတင်းထွက်နေပါတယ်။
ဆိုတော့ US မှာနေတဲ့သူတွေအနေနဲ့ pixel 3a ကို ၂၈၀ နဲ့ဝယ်မလား။ pixel 4a ကို ၃၅၀ နဲ့ဝယ်မလား။ စဉ်းစားစရာပဲ။

သေချာတာကတော့ ဘာပဲဝယ်ဝယ် fast charger ပါလာမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။


 

Monday, 20 April 2020

iphone SE ( 2020 version) ဝယ်သင့်သလား။

 

iphone SE (2020) ဆိုတဲ့ဖုန်းကို apple က  april လမှာ ကြေညာပေးခဲ့ပါတယ်။
ဒီဖုန်းက ဘယ်လိုမျိူးပါလိမ့်လို့ မသိတဲ့သူတွေအတွက်တော့ iphone 9 ပါလို့ အလွယ်ပြောရမှာပါ။

iphone 8 ပြီးရင် နောက်ကနေလိုက်လာတဲ့ ဖုန်းပေါ့။ iphone 8 နဲ့ အရွယ်အစား၊ အပြင်ပန်းသဏ္ဍန်အားလုံးနီးပါးတူတယ်။
iphone 6 , 6s, 7, 8 , SE ဘာမှ ကွာတာမရှိသလောက်ပါပဲ။ ဒီဖက်ခေတ်အတွက်ဆိုရင်တော့ ဒီဇိုင်းက အတော်နောက်ကျနေပါပြီ။
ဘာတွေဆန်းသလဲ ဆိုတော့ အထဲမှာ တပ်ဆပ်ထားတဲ့
CPU က ဒီနေ့ခေတ်မှာ အကောင်းဆုံးကို အသုံးပြုထားတယ်။
ကင်မရာနဲ့ potrait photo , မျက်နှာအလှပုံ ရိုက်လို့ရတယ်။ (iphone XR နဲ့တူတူပဲ)
အမှန်အတိုင်း ပြောရရင် အားသာချက် များများ သိပ်မတွေ့ပါဘူး။

 
ထူးခြားတာက စျေးနှုန်းပါပဲ။ iphone တွေက စျေးအတော်ကြီးတယ်။
iphone 8 ထွက်တုန်းက ဘယ်လောက်ပါလိမ့်။
၂၀၁၇ တုန်းက 700 $ နဲ့စတင်ရောင်းချပါတယ်။
၂၀၁၈ ရောက်တော့ 600 $ ဖြစ်သွားတယ်။
၂၀၁၉ ရောက်တော့ 450 $ ဖြစ်သွားတယ်။
၂၀၂၀  september ရောက်ရင် ဘယ်လောက်ဖြစ်သွားမလဲ။
လက်ရှိချိန်အထိတော့ 450 $ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။


ကဲ ၃ နှစ်အကြာမှာ သူ့နောက်ကလိုက်လာမယ့် ဖုန်းထွက်လာပါပြီ။  apple က ပုံမှန်ဆိုရင် ဖုန်းရောင်းလိုက်တိုင်း ၇၀၀ -၈၀၀ ကြားမှာ ရောင်းချမှာပါ။
ဒါပေမယ့် ဒီ iphone SE ဖုန်းကိုကျတော့ 400 $ လေးနဲ့ပဲ စတင်ရောင်းချပါတယ်။
ဆိုတော့ ရီစရာအတော်ဖြစ်နေပါတယ်။ သူတို့ရဲ့ marketing team လုပ်ပုံက ခုချိန် လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ထွက်ထားတဲ့ဖုန်းကိုဝယ်ရင် 450 $ , ဒီနှစ်ထွက်နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့်ဖုန်း ဝယ်မယ်ဆိုရင် 400 $ ,.... ကဲ သင်ဘယ်ဖုန်းရွေးမလဲ။

ဒီခေတ်မှာ iphone ကိုင်ချင်ရင် ၄၀၀ $ နဲ့ ကိုင်ခွင့်ရတာတော့ apple အတွက် အတော်ထူးခြားပါတယ်။
သို့သော် iphone Xs တွေ၊ iphone 11 တွေကြားမှာ ဒီ iphone SE ကို ကိုင်ချင်သူတွေ များပါ့မလား။
April 24 ရက်နေ့ တရားဝင် ဆိုင်မှာတင်ရောင်းတော့မှာပါ။

ဒေါ်လာ ၄၀၀ ဆိုတော့ Europe မှာ နေတဲ့သူတွေအတွက် ယူရို ၃၆၀ လောက်နဲ့ ဝယ်လို့ရမယ် မထင်လိုက်ပါနဲ့ဦး။
နယ်သာလန်မှာ ရောင်းစျေးက ယူရို ၄၈၀ ဖြစ်ပါတယ်။ ဖုန်းသေးသးကလေး လက်တစ်ဖက်ထဲနဲ့ ကိုင်လို့ရမယ့်ဟာ လိုချင်ရင် ဝယ်သင့်ပါတယ်။
ဒီခေတ်တွေမှာ သိပ်သေလွန်းနေလိမ့်မယ်၊ဒီဇိုင်းလဲ အောက်လွန်းနေပြီ ဆိုတဲ့သူတွေအတွက်တော့ ယူရို ၁၄၀ ထပ်စုပြီး iphone XR လေးကိုပဲ ဝယ်သင့်ပါတယ်။

iphone size ရွေးချယ်ချင်သူတွေအတွက် pictogram

 
ဘာကြောင့် apple က $ 400 လေးနဲ့ ရောင်းလိုက်တာလဲလို့တွေးစရာရှိပါတယ်။

Google က ထုတ်နေကျ flagship (အမြင့်ဆုံး) ဖုန်းကို pixel 3 ဆိုပြီး နာမည်ပေးထားတယ်။ တကယ်မြင့်သလို၊ ကင်မရာကောင်းပုံကလည်း apple ဖုန်းတွေနဲ့ နင်လားကငါလားပေါ့နော်။ dollar 800 ပတ်ဝန်းကျင်နဲ့ရောင်းချလေ့ရှိပါတယ်။
အဲဒီ pixel 3 ဖုန်းကို မဝယ်နိုင်တဲ့သူတွေအတွက် pixel 3a ဆိုပြီး မနှစ်က 400 $ နဲ့ ရောင်းချတော့ အတော့်ကို အောင်မြင်သွားပါတယ်။
ကျန်တဲ့အစိတ်အပိုင်းတွေ လျှော့ချပေမယ့် ကင်မရာကိုကျတော့ pixel 3 က ကင်မရာကိုပဲ တပ်ဆင်ထားတာ။
၄၀၀ $ နဲ့ကမ္ဘာ့အမြင့်ဆုံး ဖုန်းတစ်လုံးထဲက ကင်မရာကို အသုံးပြုနိုင်မှာလေ။

ဒီတော့ လူတိုင်း pixel 3a ဖက်ကိုပဲ လှည့်နေကြချိန် apple က customer တွေကို ထပ်ပြီး မဆုံးရှုံးချင်လို့ သူတို့ဖက်က ပြန်လည် တုံ့ပြန်တာလို့ပဲ မြင်တယ်။
ပြီးတော့ apple အနေနဲ့ budget ဖုန်းတွေ မဖြစ်မနေ ထုတ်သင့်နေပါပြီ။ budget ဖုန်းတွေ ထုတ်လုပ်မှသာ apple ရဲ့အနာဂတ် ပိုပြီး ခိုင်ပါလိမ့်မမယ်။
apple လုပ်သလို ကျန်တဲ့ကုမ္ပဏီတွေက လိုက်လုပ်နေနိုင်ပါပြီ။ apple လုပ်တာထက်လည်း ပိုလုပ်နိုင်လာပါပြီ။
၁၀ နှစ်အတွင်း ဘုရင်တစ်ဆူလို ရပ်တည်နိုင်ခဲ့ပြီးပြီ။ နောင် ၁၀ အတွင်းမှာကော ဘုရင်တစ်ဆူလို ဆက်လက်ရပ်တည်နိုင်ပါဦးမလား။
apple က ကျန်တဲ့ကုမ္ပဏီတွေလို လိုက်မလုပ်နိုင်တဲ့အပြင် အမှီပြန်လိုက်မယ့်သဘောမှာ ရှိတယ်။
budget ဖုန်းတွေ ထုတ်လုပ်တတ်ဖို့တော့ Apple သင်ယူသင့်တယ်။

ဒီဖက်ခေတ်က ဖုန်းဘယ်လောက်မြင့်အောင် ထုတ်လုပ်တတ်သလဲ ဆိုတာချည်းပဲ ပြိုင်လို့မရတော့ဘူး။
တဖက်မှာ စျေးဘယ်လောက် ချိုအောင် ထုတ်လုပ်ရောင်းချပေးတတ်လဲ ဆိုတာ ထည့်တွက်ဖို့ သိပ်အရေးကြီးတယ်။

ကဲဒီမျှနဲ့
ပါဘိခ်။

 

Tuesday, 26 February 2019

ခေါက်ဖုန်းများအကြောင်း မိတ်ဆက်။

 ဒီလ ဖေဖော်ဝါရီ ၂၀၁၉ ဟာ နည်းပညာသမိုင်းမှာ သမိုင်းသစ်တစ်ခုကို စိုက်ထူနိုင်ခဲ့အချိန်ဆိုရမှာပါ။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Samsung က Galaxy ဖုန်းတွေ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Galaxy 10 မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးတဲ့အပြင်
မှန်သားပြင် ကွေးနိုင်ခေါက်နိုင်တဲ့ Galaxy fold ဖုန်းကို ပွဲထုတ်လာခဲ့ပါတယ်။
Galaxy serie ဖုန်းတွေက ဒီခေတ်ကြီးထဲမှာ သိပ်မထူးဆန်းတော့ပါဘူး။ ထုံးစံအတိုင်း ပိုမြန်တယ်၊ ပိုကောင်းတယ်ပေါ့။
Galaxy 10 ဖုန်းတွေကို အမျိုးစား ၄ မျိုး အနေနဲ့ ထုတ်ထားပါတယ်။


 S10 E
S10
S10 plus
S10 5G  ( 6.7 inch screen)

ဝယ်သုံးမယ်ဆိုရင် ကွာခြားချက်တွေကို သေချာလေ့လာပြီး အားသာချက်၊ အားနည်းချက်တွေကို သိထားပါမှ သင့်တော်တာ သိနိုင်မှာဖြစ်တယ်။

samsung ကသူတို့ သူတို့ S10 ဖုန်းတွေ ပွဲထုတ်လာတော့ ဆောင်ပုဒ်ကို အတော်သဘောကျတယ်
 
'ဖန်တီးလို့မရတဲ့အရာကို ငါတို့ဖန်တီးပေးခဲ့ပြီ၊
ဒါကြောင့် သင်လည်း လုပ်ဆောင်လို့မရခဲ့တဲ့အရာကို လုပ်ဆောင်နိုင်ပြီ'


မြင်ဖူးသမျှ စင်တိုင်းမှာ တော့ samsung ရဲ့စင်ကတော့ အလှဆုံးပဲ။
 

 Galaxy  Fold ဆိုတဲ့ဖုန်းဟာ ခေါက်ထားတဲ့အတိုင်းဆိုရင်မှန်က ၄.၆ လက်မရှိပြီး ဆန့်ထုတ်လိုက်ရင်တော့ ၇.၃ လက်မရှိမှာဖြစ်ပါတယ်။
Tablet အသေးစားအရွယ်ရှိမှာဖြစ်ပါတယ်။ စာအုပ်ဖွင့်တဲ့ ပုံစံအတိုင်း ဖြစ်ပါတယ်။
 



 
ကျွန်တော့အမြင် အရတော့ အားနည်းချက်များက
၁။  ၄.၆ မျက်နှာပြင်ကအရမ်းသေးလွန်းတယ်။ ဘေးဘောင်က အရမ်းကျယ်နေတော့ မျက်နှာပြင်ကို  ကွယ်ကြည့်သလိုမျိုး။
၂။ ခေါက်လိုက်တဲ့အခါမှာ သေချာမစေ့ထားပဲ အထဲမှာ ဟနေပါတယ်။ ဘောင်းဘီကျပ်တာတွေ ဝတ်ရင် သိပ်အဆင်မပြေတော့ဘူး။
၃။ မလိုအပ်ဘဲ ကင်မရာ ငါးလုံးတောင် တပ်ထားတယ်။ မထဲက notch ကင်မရာ အခုံးကြောင့် အတော်ကြည့်ဆိုးသွားတယ်။

စျေးနှုန်းကတော့ ယူရို ၂၀၀၀ နဲ့ ဧပြီလကျရင် စတင်ပြီးရောင်းချမှာဖြစ်ပါတယ်။ကဲ ဘယ်သူစိတ်ဝင်စားတုန်း။

samsung fold ဖုန်းကို video မှာ ကြည့်ချင်ရင် ဒီlink မှာ အတော်ရှင်းတယ်။

Huawei mate x

ပြီးတော့ ဖေဖော်ဝါရီ ၂၄ ကျပြန်တော့ huawei ကုမ္ပဏီကြီးကလည်း ခေါက်ဖုန်း တစ်လုံးကို barcelona event မှာ  ပွဲထုတ်ထားပါတယ်။
သူတို့ event မှာ ထုံးစံအတိုင်း CEO က english ကို ပြောတာကို ဂျပန်စကားပြောတယ်အထင်နဲ့ နားထောင်နေရတာ ဘယ်ဟုတ်မလဲ ဘိုလို ပြောနေတာ။
အနာဂတ်မှာ အသုံးတွင်မယ့် 5G နည်းပညာအတွက် အများကြီးပြင်ဆင်ထားသလို ကမ္ဘာမှာ ပြိုင်ဖက်ကုမ္ပဏီအားလုံး အရှုံးပေါ်ရလောက်အောင် 5G ပစ္စည်းတွေကို  ထုတ်လုပ်ဖြန့်ဖြူးပေးနေသူ
ဆရာကြီးဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ အသုံးပြုတဲ့ မိုဘိုင်းကွန်ရက် တာဝါတိုင်တွေမှာ huawei ထုတ် 5G hardware အသုံးပြုဖို့ကို အစိုးရဖက်က အတော်ကြောက်ကြပါတယ်။
5G လို့ အလွယ်ခေါ်ကြတဲ့ မိုဘိုင်းကွန်ယက် နည်းပညာ ၅ ခုမြောက်( 5th generation) ဟာ အရင် ကွန်ယက်တွေထက် ပိုပြီး လုံခြုံတယ်၊ ပိုပြီး stable ဖြစ်တယ်။
မောင်းသူမဲ့ကားတွေကို 5G နည်းပညာနဲ့ smart phone ကနေ ထိန်းချုပ်မယ်။ ဒုံးကျည်လက်နက်တွေကို 5G နည်းပညာနဲ့ ပစ်မယ်။
ဒါကြောင့် 5G နည်းပညာ မိုဘိုင်းဖုန်း ပေါ်မှာ သုံးဖို့သာမက ကမ္ဘာ့ထိပ်တန်း ကား၊ လေယာဉ် ဆောက်တဲ့ ကုမ္ပဏီတွေကပါ အသည်းအသန် သုံးချင်နေကြတာ ဖြစ်ပါတယ်။
ဒီလို 5G နည်းပညာပစ္စည်းတွေကိုလည်း အာရှမှာ အထူးသဖြင့် တရုတ်ပြည်မှာ စက်ရုံတွေကပဲ လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်တာဖြစ်ပါတယ်။
ကမ္ဘာ့စျေးကွက်မှာလည်း huawei က တကိုယ်ရည်သုံးပစ္စည်းကနေ စက်ရုံသုံး၊ national သုံးတာအထိ စျေးကွက်ကို အုပ်စိုး ချုပ်ကိုင်ထားလေတော့ US အစိုးရ အတော် စားမဝင်၊ အိပ်မပျော်ဖြစ်သွားရတာပေါ့။
ဒုံးကျည်ပစ်ဖို့ 5G ကွန်ယက်က made in china.. hardware ကို အောင့်သက်သက်နဲ့ သုံးနေရမှာမို့ US ကုမ္ပဏီတွေကို hardware များများထုတ်လုပ်ဖို့ အစိုးရက ဖိအားပေးနေတာ။


ကမ္ဘာမှာ မြန်မာပြည်က မိုဘိုင်းဖုန်း ကို အားလုံးကိုင်နိုင်တဲ့ အချိန်မှာ မိုဘိုင်း တာဝါတိုင်တွေ မြို့အနှံ့ စိုက်ခဲ့တာမို့ စျေးကွက်မှာရှိတဲ့ 4G ကွန်ယက် ကို အသုံးပြုထားဟန် တူပါတယ်။
operator ကပေးတဲ့ speed နှေးလို့သာ 3G ကို သုံးကြတာ။
ကျနော်လက်ရှိ သုံးနေတဲ့ ဖုန်းက 4G သုံးလို့ရတယ်။ simcard ကလည်း 4G network သုံးလို့ရတယ်။ ဒါပေမယ့် ဖုန်းမှာ 4G function ကို off ထားထားပြီးတော့ 3G ကို သုံးနေဆဲပါပဲ။
အကြောင်းက internet အရမ်းစားမှာ စိုးရိမ်လို့ရယ် ဖုန်း battery အကုန်မြန်တာ စိုးရိမ်လို့ပါ။ 


အဲ..... လိုရင်းက ဘယ်ရောက်သွားပြီလဲ။  huawei က သူတို့ရဲ့ခေါက်ဖုန်းကို ဒီဇိုင်းပိုင်း ဆန်းပြားစွာ ပွဲထုတ်လာပါတယ်။
စာအုပ်ပုံစံထုတ်ထားတယ် ဆိုပေမယ့် မျက်နှာပြင်က အပြင်ဖက်မှာ ဖြစ်နေပါတယ်။ အရမ်းလည်း ပါးလွှာပါတယ်။
ကင်မရာက ထုံးစံအတိုင်း Leica ကို သုံးထားပါတယ်။ selfie ကင်မရာ ( Front) ရော ကျောဖက်ကင်မရာအတွက်ရော ဘုံကင်မရာ တစ်ခုတည်းကိုပဲ သုံးထားတဲ့အတွက် အတော် idea ကောင်း၊ လက်ရာကောင်းတယ် ဆိုရမှာပါ။ 
 




 
ခေါက်ထားရင် မျက်နှာပြင်က ၆.၆ လက်မရှိပြီး၊ ဆန့်ထားရင် ၈ လက်မရှိပါတယ်။
 table ဖြစ်တဲ့  ipad mini ထက်တောင် ပိုကြီးသလို၊
ခေါက်ထားရင်တော့ iphone 8 plus အရွယ်အစားလောက်သာ ရှိပါတယ်။
၂၀၁၈ ဇွန်၊ ဇူလိုင်လ လောက်မှ ထုတ်ရောင်းကြမှာပါ။ စျေးနှုန်းကတော့ ယူရို ၂၃၀၀ ဖြစ်ပါတယ်။

ဒီချိန်မှာ apple ကုမ္ပဏီမှာတော့ CEO က ရှိသမျှ ဒီဇိုင်းTeam member တွေကိုတော့ အသားကုန် ဆူတော့မှာ အသေချာပဲ ဟဲဟဲ။

huawei နဲ့ Samsung တို့ရဲ့ ခေါက်ဖုန်းတွေကတော့ ကမိုင်းသစ်ကို စိုက်ထူနိုင်ကြသလို၊ ရှေ့ဆင့်နောက်ဆင့် ချက်ချင်း ပွဲထုတ်လာကြတော့ အတော်ပြိုင်ဆိုင်နေရမှာပါ။
ထုတ်ဖော်ကြေညာတဲ့အချိန်မှာ huawei ကနောက်မှ ကြေညာရတာဆိုတော့ Samsaung ရဲ့ အားနည်းချက်တွေကို ကောင်ကောင်းလေး ပညာပေးနိုင်ခဲ့ပါတယ်။
နှာတဖျားလေး သာသွားတယ်ဆိုပါတော့။   ဖုန်းတွေမှာတောင် ရွေးချယ်စရာ အတော်များသလို၊ ဘဝမှာလည်း  ရွေးချယ်စရာတွေ အတော်များသားနော်။

ကဲဒီမျှဖြင့်

pa bik.

Monday, 8 October 2018

Xiaomi Pocophone F1

 

အခန်း ၁။   မိုဘိုင်းဖုန်းအကောင်းစား

dollar ၃၀၀ တန်ဖုန်းတစ်လုံးဟာ ဘယ်လောက် ကောင်းနိုင်မလဲ။


samsung galaxy note 9 စျေးနှုန်းဟာ မြန်မာပြည်က အလုပ်သမား တစ်ယောက်ရဲ့ တစ်နှစ်ပတ်လုံး  ဝင်ငွေထက် များပါတယ်။
လူတိုင်းဟာ အကောင်းကြိုက်တာချည်းပဲ။ ပြသနာက အကောင်းလို့ သတ်မှတ်တဲ့ အရာတွေဟာ တန်ဖိုး၊ အဖိုးအခ များလွန်းတာချည်းပဲ။

ကမ္ဘာ့အကောင်းဆုံး ဖုန်းလို့ သတ်မှတ်ထားတဲ့ အရာတွေဟာ ဒေါ်လာ ၈၀၀ အထက်မှာ ရှိနေကြပါတယ်။ ဒီကြားထဲ ဒေါ်လာစျေးတက်ပုံနဲ့ဆိုရင်တော့ အံကို တင်းတင်းကြိတ်ဖို့ပဲ ရှိတော့တယ်။
samsung note 9
samsung s9 Plus
LG V30
HTC U12 plus
Sony XZ2 premium
google pixel  3 XL

ဒီလို ကုမ္ပဏီအသီးသီးရဲ့ high end ဖုန်း၊ နောက်ဆုံးပေါ်ဖုန်းတွေ စျေးကြီးရခြင်းအကြောင်းတွေက ရှင်းပါတယ်။
ဖုန်း processor ၊ memory၊ ကင်မရာ၊ မှန်သားပြင် တွေကြောင့်ပါပဲ။
ဖုန်းအဓိက အလုပ်လုပ်တာကတော့ ဖုန်း processor ဖြစ်ပါတယ်။
ဥပမာ ဓါတ်ပုံ ရိုက်တာအစ၊ face unlock လုပ်တာအဆုံး processor  က အဓိက ခိုင်းသွားတာဖြစ်ပါတယ်။

ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ ဖုန်းအကောင်းကို ကိုင်နိုင်သူဟာ ၂၀ ကနေ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
ဖုန်းအကောင်းစား ဆိုတာကို brand၊ တံဆိပ်နဲ့သတ်မှတ်သလား၊ USA Made ဖြစ်မှလား၊ ဒါမှမဟုတ် စျေးကြီးကြီးကို ဆိုလိုတာလား၊
ဒါမှမဟုတ် အထဲက တပ်ဆင်ထားတဲ့ အရာတွေ ကို ဆိုလိုတာလား။

အခန်း ၂။    ပဲ့ကိုင်ရှင် Qualcomm ကုမ္ပဏီ

Qualcomm  ဆိုတာက ကွန်ပျူတာအပိုစ္စည်း တွေ၊ အထူးသဖြင့် wireless adaptor device တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဖုန်းခေတ် ရောက်လာတဲ့အခါမှာ ဖုန်းထဲမှာ အဓိက မောင်းနှင်ပေးတဲ့ Processor chipset တွေကို ပြိုင်စံရှား ကင်းမဲ့လောက်အောင် အကောင်းဆုံး ထုတ်လုပ်နေသူပါ။
chipset တွေကို snapdragon ကုတ်နာမည်နဲ့ 400 series , 600 series , 800 series စတဲ့ ပုံစံမျိုး နာမည်ပေးထားပါတယ်။
လက်ရှိ သူတို့ နောက်ဆုံးထုတ်လုပ်ထားတဲ့ snapdragon 845 chipset ဟာ ကမ္ဘာ့ နံပါတ် တစ် အကောင်းဆုံး ဖုန်း processor လို့ တင်စားနိုင်ပါတယ်။
အပေါ်က ရေးပြထားတဲ့
samsung note 9 (US model)
samsung s9 Plus (US model)
LG V30
HTC U12 plus
Sony XZ2 premium
google 3 XL စတဲ့
လက်ရှိနောက်ဆုံးပေါ်ဖုန်းတွေအားလုံးနီးပါးရဲ့ chips တိုင်းဟာ Qualcomm  snapdragon 845 ကို သုံးထားပါတယ်။ ဒါကြောင့်လည်း အတော်လေး စျေးကြီးတာပါ။
 


 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာပြည်ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi mi 5X (သို့မဟုတ်) mi A1 ဖုန်းဟာ qualcomm ရဲ့ အလယ်အလတ်တန်းစား chip ဖြစ်တဲ့ snapdragon 625 ကို သုံးထားပါတယ်။
ဒါကြောင့်စျေးနှုန်းဟာ ဒေါ်လာ ၂၀၀ ပတ်ဝန်းကျင်မျှသာ ရှိပါတယ်။


ဖုန်းလောကမှာ နောက်ဆုံးအချိန်မှ ဝင်ရောက်လာပြီး ဆရာကြီး တစ်ဆူလို ရပ်တည်နေတာကတော့ oneplus ကုမ္ပဏီပဲ ဖြစ်ပါတယ်။
သူတို့က High end ဖုန်းတွေကို ကျန်တဲ့ ကုမ္ပဏီများထက် တစ်ဝက်လောက် စျေးချိုအောင် ရောင်းနိုင်ခဲ့လို့ အတော်အောင်မြင်သွားတာပါ။
သူတို့ နောက်ဆုံးပေါ် ထုတ်နေတဲ့ လက်ရှိဖုန်းကတော့ oneplus 6 ဖြစ်ပါတယ်။ oneplus 6 ရဲ့ ကြွေးကြော်သံလား၊ motto လားတော့ မသိဘူး၊
oneplus 6 ( the speed you need) ဆိုပြီး ပွဲထုတ်ထားတာ။ speed အကောင်းဆုံးဖြစ်မယ့်ပုံအတိုင်း ကြွေးကြော်ရဲတဲ့ အကြောင်းက ဖုန်း processor အတွက် qualcomm  snapdragon 845 ကိုသုံးထားလို့လေ။



အခန်း ၃။  Xiaomi Pocophone F1

Xiaomi ကဖုန်းထုတ်လုပ်ရင်  Mi ဆိုတဲ့ ဖုန်း series နဲ့ redmi ဆိုတဲ့ နှစ်မျိုးထုတ်ပါတယ်။
Mi ဖုန်းတွေဟာ စွမ်းဆောင်ရည် အမြင့်ဖုန်းတွေဖြစ်ပြီး စျေးကြီးပါတယ်။
Redmi ဖုန်းတွေကတော့ နိမ့်တယ်၊ စျေးချိုတယ်။ သိတဲ့အတိုင်းပေါ့ဗျာ။
Xiaomi ကုမ္ပဏီက europe တစ်ခွင်မှာ အောင်မြင်စ ပြုလာသလို၊ ပင်ရင်း store ဆိုင်တွေဖွင့်လာနိုင်ခဲ့ပါတယ်။
မကြာခင် london မှာလည်း Xiaomi ပင်ရင်းဆိုင် ဖွင့်တော့မှာ။



ဒီတစ်ခါတော့ mi လည်းမဟုတ် Redmi လည်း မဟုတ် pocophone  ဆိုတဲ့ တစ်မျိုးထွက်လာပါတယ်။ ဒီဇိုင်း၊ battery၊ ကင်မရာ စတဲ့အရာတွေဟာ ဒီခေတ်အခြေအနေနဲ့ အံကိုက် ဖြစ်နေပါတယ်။
ထူးခြားတာက ဘာမဟုတ်တဲ့ ဒီဖုန်းရဲ့ processor က qualcomm  snapdragon 845 ကိုသုံးထားတာ။
ဒီထက်ပိုထူးခြားတာက စျေးနှုန်းပဲ။ ဒေါ်လာ ၃၀၀ အောက်နဲ့ ရောင်းနေတာ။ ဖုန်းအကြောင်းလေ့လာနေသူတွေ အံ့သြမှင်သက်သွားစေတဲ့ ဖုန်းပါ။

 


 

ဖြစ်ကတတ်ဆန်း တပ်ဆင်ထားတာလည်း မဟုတ်ဘူး။ ဖုန်းမှာ game ဆော့ရင်း အပူလွန်ကဲတာတွေ မဖြစ်အောင် liquid cooling  system သုံးထားသေး။
ဒီလိုမျိုးကို samsung note 9 မှာသုံးထားပါတယ်။
စျေးနှုန်းနဲ့ တွက်ချက်ကြည့်ရင် တကယ့်ကို တွက်ခြေကိုက် ဖုန်းပေါ့ဗျာ။
ဒါကြောင့် Xiaomi ထုတ် pocophone ဟာ ဖုန်းဝယ်မယ်ဆိုရင် ထည့်တွက်ရမယ့်အချက် ဖြစ်သလို ကျနော့်ရဲ့ top 1 ဖြစ်ပါတယ်။ :) 

 


 

 

 

 

 

 

 

 

 

 

 

 

စျေးနှုန်းက လက်ရှိ အခွန်အတုပ်များလှတဲ့ နယ်သာလန်မှာ ယူရို ၃၅၀ ပတ်ဝန်းကျင် ရှိသလို တရုတ်ပြည်က မှာယူမယ်ဆိုရင် Aliexpress စျေးနှုန်းအရ  ယူရို ၂၇၀ ပဲ ရှိပါတယ်။

Xiaomi Pocophone F1: Specs
•    Android 8.1 Oreo with MIUI for Poco
•    6.18in Full-HD+ (2248x1080) 18.7:9 display
•    2.8GHz Qualcomm Snapdragon 845 octa-core processor
•    6/8GB RAM
•    64/128/256GB storage
•    microSD card slot (up to 256GB)
•    4G LTE
•    Dual-SIM (uses SD slot)
•    Dual-band 802.11ac Wi-Fi
•    Bluetooth 5.0 with aptX HD
•    Fingerprint sensor (rear)
•    GPS
•    Dual-camera: Sony IMX363 12Mp + 5Mp, f/1.9, 1.4um pixels, 4K video
•    20Mp selfie camera, 1.8um 4-in-1 Super Pixel
•    USB-C
•    4000mAh battery, Quick Charge 3.0
•    156x75x8.8mm
•    180g

 


 

 မှတ်ချက်။  ။


huawei အရင်ဖုန်းတွေမှာ qualcomm chip တွေ သုံးခဲ့ပေမယ့် ခုနောက်ပိုင်းဖုန်းတိုင်းမှာတော့  သူတို့ပိုင်ကုမ္ပဏီပိုင်  hisilicon ထုတ် kirin ဆိုတဲ့ chip ကိုပဲ အသုံးပြုထားပါတယ်။
ဥပမာအားဖြင့် huawei P10 မှာ hisilicon kirin 960 ကို သုံးထားပြီး  ၊ huawei P20 ဖုန်းမှာတော့ hisilicon kirin 970 ကို အသုံးပြုထားပါတယ်။
Apple ရဲ့ iphone ဖုန်းတွေမှာတော့ ၂၀၁၀ ကစပြီး သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ apple A chip တွေကို သုံးထားပါတယ်။လက်ရှိ iphone Xs, Xs max ဖုန်းတွေမှာ Apple A12 Bionic ကို သုံးထားပါတယ်။
Samsung က သူတို့ကိုယ်ပိုင်ထုတ် Exynos chip ကိုလည်းပဲ တဖြေးဖြေး အသုံးပြုလာပါတယ်။